တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၁ ရက်မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူနေခဲ့ရာ ကွဲပြားသော လိင်စိတ်ရှိသူများ(LGBTQ) များသည်လည်း ၎င်းတို့ တိမ်းညွှတ်မှုရှိသည့် လိင်ဖြင့် မှတ်တမ်းတင်ခံရရေးအတွက် လှုပ်ရှားလုပ်ဆောင်နေကြပြီဖြစ်သည်။
ရှန်ဟိုင်းမြို့နေ အသက် ၂၆ နှစ်အရွယ် လော်ရာက ၎င်းသည် အမျိုးသမီးချင်း လိင်စိတ်တပ်မက်သူဖြစ်ကြောင်း ပြောဆိုထားသူဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူသည့် စေတနာ့ဝန်ထမ်းတစ်ဦးက လော်ရီ၏တိုက်ခန်းသို့ရောက်ရှိလာသည့်အခါတွင် လော်ရာ ၎င်းနှင့် ချစ်သူမိန်းကလေးတို့သည် အတူနေထိုင်ကြကြောင်း ပြောဆိုခဲ့သည်။
တရုတ်၌ လိင်တူချစ်မှုကို ရာဇဝတ်မှုအဖြစ်မှ ၁၉၉၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း လှုပ်ရှားသူများသည် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးရေးအတွက် လှုပ်ရှားနေရဆဲဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် တရုတ်၌ ၁၀ နှစ်လျှင် တစ်ကြိမ်ပြုလုပ်သည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ကွဲပြားသော လိင်စိတ်ရှိသည့် စုံတွဲများသည်လည်း သန်းခေါင်စာရင်းတွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းလာကြသည်။
အိမ်ထောင်ဦးစီးနှင့် မည်သို့ ပတ်သက်မှုရှိသည် ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ပုံမှန်အဖြေများကို မဖြေဘဲ အခြားနည်းလမ်းများဖြင့် ဖြေဆိုလျှင် သန်းခေါင်စာရင်းတွင် ထည့်သွင်းကောက်ယူမည်မဟုတ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗြူရိုက ပြောဆိုထားပြီးဖြစ်သည်။
လိင်တူစုံတွဲများကို အိမ်နီးချင်းများနှင့် အစိုးရတို့က အသိအမှတ်ပြုစေလိုကြောင်း တရုတ်ရှိ ကွဲပြားသော လိင်စိတ်ရှိသူများအခွင့်အရေး အမည်ရှိ အဖွဲ့၏အကြီးအကဲ ပိန် ယန်ဇီကပြောဆိုခဲ့သည်။
ကွဲပြားသောလိင်စိတ်ရှိသူများသည်လည်း တရုတ်လူဦးရေ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယန်ဇီကပြောဆိုခဲ့သည်။
ချစ်သူမိန်းကလေးနှင့်ပတ်သက်၍ အလုပ်ခွင်တွင် ပြောဆိုရသည်မှာ လုံခြုံမှုရှိသော်လည်း အယူအစွဲကြီးသော ပတ်ဝန်းကျင်တွင် ယင်းသို့ မပြောရဲကြောင်း ရှန်ဟိုင်းရှိ နည်းပညာကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် လော်ရာကပြောဆိုခဲ့သည်။

















