ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းအနေဖြင့် သက်တော်ရာကျော်ရှည်ပါစေ ဟုဆုတောင်းသူများကို တွေ့ဆုံစကားပြောဆိုခဲ့သလို ဝေဖန်ပြောဆိုမှုများကိုလည်း ကြည်သာစွာလက်ခံရမည်ဖြစ်ကြောင်း ဘန်ကောက်၌ နိုဝင်ဘာ ၈ ရက်တွင် ဆန္ဒထုတ်ဖော်သူများက ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၈ ရက်တွင် ဘန်ကောက်ရှိ ဒီမိုကရေစီအထိမ်းအမှတ်နေရာမှ နန်းတော်သို့ ချီတက်ခဲ့သည့် ဆန္ဒပြသူထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်များသုံးကာ လူစုခွဲခဲ့သည်။
ဆန္ဒပြသူများသည် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားသည့် စာများကို ဘုရင်မဟာဝဇီရလောင်ကွန်းထံသို့ ပေးပို့ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
ထိုင်းဘုရင်စနစ်သည် စည်းမျဉ်းခံဘုရင်စနစ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ထိပ်တိုက်ဆုံမှုဖြစ်ပွားပြီးနောက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပေးစာများ ပေးပို့မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ မီးသတ်ပိုက်သုံံးခဲ့မှုအတွက် ရဲတပ်ဖွဲ့က တောင်းပန်ခဲ့သည်။
ဆန္ဒပြသူများသည် နန်းတော်ရှေ့ရှိ စာတိုက်ပုံးများထဲသို့ စာများကို ထည့်ခဲ့ကာ တော်ဝင်အိမ်တော်ဗြူရိုက စာများကို သိမ်းယူမည်ဖြစ်သည်။
“ဘုရင်က သူ့ကို ချစ်တယ်ပြောတဲ့သူတွေကို စကားပြောနိုင်မယ်ဆိုရင် သူ့ကို မချစ်တဲ့သူတွေကိုလည်း စကားပြောနိုင်ရပါမယ်၊ ပြည်သူတွေဆီက ချီးကျူးဂုဏ်ပြုစကားကို ကြားနိုင်မယ်ဆိုရင် မကြောက်မရွံ့ဝေဖန်ပြောဆိုမှုတွေ၊ အကြံပြုချက်တွေကိုလည်း အလားတူကြားနိုင်ရပါမယ်” ဟု ဆန္ဒပြသူများ၏ကြွေးကြော်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများကို ကျောသားရင်သားမခွဲခြားဘဲ ချစ်ခင်သည်ဟု ပြောဆိုထားသည့် ဘုရင်သည် ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ ဟု ကြွေးကြော်ထားသည့် ရှပ်ဝါဝတ်များကို ဆက်ဆံသကဲ့သို့ ဆန္ဒပြသူများကိုလည်း ဆက်ဆံရမည်ဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ဆန္ဒပြမှုများနှင့်ပတ်သက်၍ တစ်စုံတရာပြောဆိုရန် လွန်ခဲ့သောအပတ်တွင် တောင်းဆိုသည့်အခါ ဘုရင်က မှတ်ချက်ပေးစရာမရှိကြောင်း ပြောဆိုခဲ့ပြီး ယင်းနောက်တွင် “သူတို့ကို အတူတူပဲ မေတ္တာထားပါတယ်” ဟု သုံးကြိမ်ပြောဆိုခဲ့ကာ ထိုင်းနိုင်ငံသည် အပေးအယူအလျှော့အတင်းရှိသည့် နိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















