အိန္ဒိယတွင် ပဲစျေးကျဆင်းမှုကြောင့် ပြည်တွင်းပဲစျေး ပြန်ကျဆင်း

အိန္ဒိယတွင် ပဲစျေးကျဆင်းမှုကြောင့် ပြည်တွင်းပဲစျေး ပြန်ကျဆင်း

အိန္ဒိယတွင် ပဲဈေးကျဆင်းမှုကြောင့်ပြည်တွင်းပဲဈေး ပြန်ကျဆင်းလာခဲ့သော်လည်းအိန္ဒိယပဲလက်ကျန်နည်းလျှင် ပြန်တက်ဖွယ်ရှိကြောင်း ပဲအရောင်းအဝယ် လုပ်ငန်းရှင်များကပြောသည်။

အိန္ဒိယမှ ပဲဝယ်ယူရန် ထုတ်ပြန်ခဲ့စဉ်က မတ်ပဲဈေးမှာ တစ်တန်လျှင်ကျပ် ၁,၁၂ဝ,ဝဝဝ အထိရောက်ရှိရာမှလက်ရှိတွင်ကျပ် ၁,ဝ၉ဝ,ဝဝဝ သိန်းဝန်းကျင်တွင်ရှိနေပြီးပဲဇင်းငုံမှာလည်း တစ်တန်လျှင် ကျပ် ၁,ဝဝဝ,ဝဝဝ သိန်း ဝန်းကျင်ရှိနေရာ မှ ကျပ် ၉၁ဝ,ဝဝဝ သိန်းဝန်းကျင်တွင်ရှိနေသည်ဟု ဈေးကွက် ဖော်ပြချက်များအရ သိရသည်။အိန္ဒိယနိုင်ငံသည် ၎င်းတို့ပဲလိုအပ်ချက်ကြောင့် မတ်ပဲနှင့် ပဲဇင်းငုံကို ထပ်တိုးဝယ်ယူရန်ခွင့်ပြုခဲ့ပြီးနောက် ပဲဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

''အိန္ဒိယဘက် ဈေးက အထိုက်အလျှောက်ပြန်ကျတယ်။ ဝယ်ယူတဲ့ကုန်သည်တွေကပြီးခဲ့တဲ့လတွေလို တွန်းတွန်းတိုက်တိုက် ဝယ်ယူတာမရှိဘူး။ ပုံမှန်တော့ ဝယ်ပါတယ်''ဟု ဘုရင့်နောင်ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ပြည်တွင်းဈေးကွက်တွင် ပဲဇင်းငုံတင်ပို့ရာတွင် အိန္ဒိယအနေနှင့် ရက်အကန့်အသက်ဖြင့်သာ တင်သွင်းခွင့်ပြုပြီး ဈေးနှုန်းအနေအထားကြောင့် ဝယ်လိုအားကောင်းကာ ပြည်တွင်းဈေးတက်ခဲ့သည်။ သို့သော်လည်း အိန္ဒိယကပြန်လည် သက်တမ်းတိုးမြင့်မှုကြောင့် ဈေးပြန်ကျလာခဲ့သည်ဟု လုပ်ငန်းရှင်တို့ကဆိုသည်။မတ်ပဲဈေးမှာလည်း ကနဦးဝယ်လိုအားကောင်းပြီး အရောင်းကောင်းခဲ့သော်လည်းသင်္ဘောတင်ပို့ရာတွင် ကွန်တိန်နာ လိုအပ်ချက်ကြောင့် တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင်လှည့်ရောင်းချနေမှုတို့ ရှိနေကြောင်း လုပ်ငန်းရှင်တို့က ဆိုသည်။

''လက်ရှိဟိုဘက်မှာထိခိုက်မှုရှိတဲ့ပဲအလယ်အလတ် မပျက်သေးတဲ့ပဲတွေထွက်လာတော့ ဒီဖက်ဝယ်လိုအားနည်းနည်းကျသွားတာလည်းပါတာပေါ့။ ဈေးနှုန်း တက်သွားတာ များတော့သူတို့ပေါ်လာတဲ့ ညံတဲ့ပဲကိုပြန်စား တာပေါ့''ဟု ပဲလုပ်ငန်းရှင် ဦးအေးလွင်က ပြောသည်။

အိန္ဒိယနိုင်ငံ အနေဖြင့် မတ်ပဲကို ၂ဝ၂၁ခုနှစ် မတ်လအထိ လည်းကောင်း၊ ပဲဇင်းငုံကို ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလထိ လည်းကောင်းဝယ်ယူမည် ဖြစ်သော်လည်း ပြည်တွင်းပဲစိုက်ပျိုးမှု အခြေအနေများမှာ မိုးများခြင်းတို့ကြောင့်တောင်သူများ စိုက်ပျိုးရ အဆင်မပြေဖြစ်နေကာ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလကုန် မတိုင်ခင်မစိုက်ပျိုးနိုင်ပါက တခြားသီနှံ ပြောင်းစိုက်ရမည့်အခြေအနေတွင် ရှိနေသည်ဟု လုပ်ငန်းရှင်တို့က သုံးသပ်ထားသည်။

ပြည်တွင်းပဲလက်ကျန်သည် မတ်ပဲမှာတန်ချိန် ၇ဝဝဝဝ မှ ၈ဝဝဝဝ ဝန်းကျင်အထိရှိနေနိုင်ပြီး ပဲဇင်းငုံသည် တန်ချိန် ၂ဝဝဝဝဝန်းကျင်တွင် ရှိနေသည်ဟု ပဲလုပ်ငန်းရှင်များကခန့်မှန်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး