၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
" မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးသည် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေပါလီမန်ရွေးကောက်ပွဲကို လွတ်လပ်စွာ ၊ တရားမျှတစွာ ၊ ငြိမ်းချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုဂုဏ်ပြုအပ်ပါသည်"ဟု ထိုကြေညာချက်၌ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲတွင် မြန်မာလူမျိုးများသည် တက်တက်ကြွကြွ ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီ နှင့်နိုင်ငံတိုးတက်မှုအပေါ် သူတို့၏ ခိုင်မာသော ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံရုံးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံသားများနှင့် အတူ ထပ်တူထပ်မျှဝမ်းသာ ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။
အထွေထွေရွေးကောက်ပွဲ၌ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၁၅ ခုနှစ်ထက် ပိုမိုသာလွန်သော ရလဒ်ဖြင့် တောင်ပြို ကမ်းပြိုနိုင်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။
ပြည်ထောင်စုလွှတ်တော်နေရာ ၄၇၆ နေရာအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၉၉ နေရာတွင် အနိုင်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ အစိုးရတစ်ရပ်ဖွဲ့ရန် လိုအပ်သည့် မဲအရေအတွက်မှာ ၃၂၂ မဲဖြစ်သော်လည်း NLD ပါတီက ထိုထက်ပိုသော အရေအတွက်ဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။














