JICA Seed Project အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းအတွင်း စီမံကိန်းဧရိယာများတွင် မျိုးစေ့သန့်စင်စက်ရုံနှင့် သိုလှောင်ရုံများကို ၂ဝ၁၉ခုနှစ် အောက်တိုဘာပထမအပတ်မှစတင်တည်ဆောက်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလပထမအပတ်တွင် ပြီးစီးခဲ့ကြောင်း စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
''စစ်ကိုင်းတိုင်းထဲမှာ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency)Seed Project အစီအစဉ်နဲ့ မျိုးစေ့သန့်စင်စက်ရုံသိုလှောင်ရုံတွေ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပါတယ်''ဟု စစ်ကိုင်းတိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
မျိုးစေ့သန့်စင်စက်ရုံနှင့် သိုလှောင်ရုံများကို JICA ချေးငွေဖြင့် ဝက်လက်မြို့နယ်တွင် Type -A၊ ရွှေဘိုမြို့နယ်တွင် Type -B နှင့် ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်တို့တွင် Type -C ဟူ၍အမျိုးအစားခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
''ရွှေဘိုမြို့နယ် ချီပါမျိုးသန့်ခြံက Type-B၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရှေ့တန်းစခန်းမှာက Type-A၊ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်တွေမှာက Type-C၊ Type-A နဲ့ B မှာက အဆောက်အအုံက အလျား ၂ဝဝ၊ အနံ ၉ဝ၊ အမြင့်က၅ဝ ရှိတယ်၊ စက်ကတော့ Type-A မှာကအခြောက်ခံစက်(၂)လုံးပါတယ်၊ Type-B က အခြောက်ခံစက်တစ်လုံးပါတယ်၊ အခြောက်ခံစက်တစ်လုံးက(၁၂)နာရီကို တင်းပေါင်း (၇၅ဝ)အခြောက်ခံနိုင်တယ်၊Type-C ကတော့အခြောက်ခံစက်မပါဘူး၊ ဘတ်ဂျက်ကအဆောက်အအုံတန်ဖိုးအနေနဲ့ Type-A မှာက သိန်းပေါင်း ၁၄,၁၃ဝ၊Type-B မှာကသိန်းပေါင်း ၁ဝ,၂၆ဝ ၊Type-C ကတော့ အဆောက်အအုံရောစက်ရောဆို တစ်မြို့နယ်ကိုသိန်း ၅၇ဝ ကုန်ကျခဲ့ပါတယ်၊ ဒီလုပ်ငန်းတွေကိုစိုက်ပျိုးစီးပွား ဝင်ငွေတိုးတက်ရေးစီမံကိန်းကနေ JICA ချေးငွေနဲ့ဆောင်ရွက်တာဖြစ်ပါတယ်'' ဟု ရွှေဘိုမြို့ချီပါမျိုးသန့်ခြံတာဝန်ခံ ဦးမင်းဆွေကထပ်မံပြောသည်။
ဆန်စပါးအခြောက်ခံစက် ပါရှိမှုအနေဖြင့် Type -A တွင် အခြောက်ခံနှစ်လုံး၊Type -B တွင် အခြောက်ခံတစ်လုံးပါရှိကာType -C များတွင်မူအခြောက်ခံစက်ပါရှိခြင်းမရှိကြောင်းနှင့်အခြောက်ခံတစ်လုံးလျှင် ၁၂ နာရီအတွင်း စပါးတင်းပေါင်း ၇၅ဝ ကိုအခြောက်ခံနိုင်မည်ဖြစ်သည်။
Type -A ၊Type -B မှာကအခြောက်ခံစက်တွေပါတော့ စပါးတွေကိုအခြောက်ခံမယ်၊ သန့်စင်တာမယ် Grade ခွဲမယ်၊ ပါကင်ပိတ်မယ်၊ ပြီးရင်မျိုးစေ့ရဲ့Quality ကို ဓာတ်ခွဲတာပါမယ်၊ ဘတ်ဂျက်ကတော့စိုက်ပျိုးစီးပွားဝင်ငွေတိုး တက်ရေးစီမံကိန်းကနေ JICA ချေးငွေနဲ့ဆောင်ရွက်တာဖြစ်ပါတယ်၊Type -C ကတော့ ပေ၅ဝ ပတ်လည် Street Structure အဆောက်အအုံ ဖြစ်ပါတယ်၊ အဲဒီမှာတော့အခြောက်ခံစက်မပါဘူး၊ Mobile သန့်စင်စက်ပါ၊ စက်တွေကတော့အားလုံးတပ်ဆင်ပြီးပါပြီ၊ လုပ်ငန်းတွေကိုလာမယ့်နှစ် ဇန်နဝါရီလမှာ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟုရွှေဘိုမြို့ ချီပါမျိုးသန့် ခြံတာဝန်ခံဦးမင်းဆွေက ပြောဆိုသည်။

















