ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ဘုရင်စနစ်အပေါ် သစ္စာခံသူများနှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများအား ထိုင်းဝန်ကြီးချုပ် တောင်းဆို

ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ဘုရင်စနစ်အပေါ် သစ္စာခံသူများနှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများအား ထိုင်းဝန်ကြီးချုပ် တောင်းဆို

ထိုင်းဘုရင်အပေါ် သစ္စာခံသူများနှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကြား ထိပ်တိုက်ဆုံမှုတချို့ရှိခဲ့ပြီးနောက် နှစ်ဖက်စလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုဝင်ဘာ ၁၀ ရက်တွင် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံ၌ ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ပြီး ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုဆန္ဒပြမှုများဖြစ်ပွားနေသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ အရှိန်ကောင်းလာသဖြင့် တော်ဝင်မိသားစုအပေါ် သစ္စာခံသူများကြား တုန်လှုပ်မှုရှိလာကာ တန်ပြန်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများနှင့် ထိပ်တိုက်ဆုံမှုများရှိလာခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးရန် တောင်းဆိုမှုများလည်းရှိနေသည်။ နှစ်ဖက်စလုံးအနေဖြင့် ဥပဒေနှင့်အညီ အမြင်များကို ဖော်ထုတ်ခွင့်ရှိနေကြောင်း ပရာယွတ်က နိုဝင်ဘာ ၁၀ ရက်တွင် တောင်းဆိုခဲ့သည်။

ထိပ်တိုက်ဆုံခြင်းသည် ပြဿနာတစ်ခုကို ဖြေရှင်းရမည့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် ထိပ်တိုက်ဆုံမှုနှင့် ဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုမရှိအောင် ရှောင်ရှားရမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုရှိလာပါက အာဏာပိုင်များအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပရာယွတ်က ပြောဆိုခဲ့သည်။

ဘုရင်မဟာဝဇီရလောင်ကွန်းထံသို့ ပေးစာများ အပ်နှင်းလိုသည့် ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မီးသတ်ပိုက်များသုံးခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ပရာယွတ်က အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မီးသတ်ပိုက်သုံးခြင်းကဲ့သို့ အင်အားသုံးမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ရပြီးဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခေါင်းဆောင်ဖြစ်ခဲ့သည့် စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်က အစိုးရသည် ဘက်မလိုက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဆန္ဒပြခေါင်းဆောင်နှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတချို့သည် ဆန္ဒပြမှုများတွင် ပါဝင်မှုများဖြင့် ထိန်းသိမ်းခံခဲ့ရပြီးဖြစ်သည်။

တချို့သည်လည်း နိုင်ငံတော်သစ္စာဖောက်မှု၊ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည့် မိဖုရားကို ထိခိုက်ရန် လုပ်ဆောင်မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီးဖြစ်သည်။