ဟောင်ကောင်၌ လွှတ်တော်အမတ်ဖြစ်ရန် မျိုးချစ်စိတ်ရှိရေးကို အဓိကလိုအပ်ချက်အဖြစ် တရုတ် သတ်မှတ်

ဟောင်ကောင်၌ လွှတ်တော်အမတ်ဖြစ်ရန် မျိုးချစ်စိတ်ရှိရေးကို အဓိကလိုအပ်ချက်အဖြစ် တရုတ် သတ်မှတ်

ဟောင်ကောင်၌ လွှတ်တော်အမတ်ဖြစ်လာရန်အတွက် မျိုးချစ်စိတ်ရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း သတ်မှတ်သည့် ဆုံးဖြတ်ချက်တစ်ခုကို တရုတ်ထိပ်တန်းဥပဒေပြုရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကြောင့် ဟောင်ကောင်အစိုးရသည် အတိုက်အခံအမတ်များကို တရားရုံးမှတစ်ဆင့် ဖယ်ရှားစရာမလိုတော့ဘဲ တရုတ်အပေါ် သစ္စာခံမှုတစ်ခုတည်းအပေါ်မူတည်ကာ လွယ်ကူစွာဖယ်ရှားနိုင်တော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်နှစ်ခုကပြောဆိုခဲ့သည်။

ဟောင်ကောင်ရှိ ဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းမှုနှင့်ပတ်သက်၍ ဟောင်ကောင်အစိုးရအရာရှိလေးဦးအပေါ် အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ဟောင်ကောင်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဝမ် ဝန်ဘင်က နိုဝင်ဘာ ၁၀ ရက်တွင် ရှုတ်ချပြောဆိုခဲ့သည်။

ဟောင်ကောင်သည် တရုတ်၏ဟောင်ကောင်ဖြစ်ပြီး ဟောင်ကောင်အရေးသည် တရုတ်ပြည်တွင်းရေးသာဖြစ်ကာ မည်သည့်ပြည်ပအင်အားစုကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဝမ် ကပြောဆိုခဲ့သည်။

ဆန္ဒပြသူများကို နှိမ်နင်းမှုဖြင့် နောက်ထပ် ဟောင်ကောင်အုပ်ချုပ်ရေးနှင့် လုံခြုံရေးအရာရှိများအပေါ် ပိတ်ဆို့မှုများချမှတ်လိုက်ကြောင်း အမေရိကန်က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပိတ်ဆို့မှုများသည် လုံးဝကို လက်မခံနိုင်စရာကောင်းပြီး ပြောင်ပြောင်တင်းတင်းနှင့် ရိုင်းစိုင်းစွာ ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း ဟောင်ကောင်အတွင်းဝန်ချုပ် မက်သယူး ချွန်းကပြောဆိုခဲ့သည်။