အသွားအလာကန့်သတ်ထားသည့် မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအတွက် စားသောက်ကုန်များ လှူဒါန်း

အသွားအလာကန့်သတ်ထားသည့် မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအတွက် စားသောက်ကုန်များ လှူဒါန်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသော မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအတွက် စားသောက်ကုန်ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေများကိုအသေးစားနှင့် အလတ်စား စားသောက်ကုန်လုပ်ငန်းတူ မိတ်ဆွေများစုပေါင်း၍နိုဝင်ဘာ၁ဝရက် မွန်းလွဲပိုင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အသွားအလာကန့်သတ်ထားစဉ်ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက်ရည်ရွယ်၍ ဆန်၊ ဆီ၊ ဆားနှင့် ပဲပုပ်ကြော်၊ ငါးပိကြော်၊ ပုစွန်ခြောက်ကြော်၊လက်ဖက်ခြောက်၊ သံပုရာသီးဆီစိမ်၊သရက်သီးဆီစိမ်၊ ဆီတို့ဖူး၊ ပုန်းရည်ကြီးထုပ်များ၊ အသင့်ကြိုဆန်ပြုတ်ထုပ်များ၊ မကျည်းပြားများ၊ ရှောက်ယိုလိပ်များ၊ သင်တုန်းဓားများ အပါအဝင်စုစုပေါင်း လှူဖွယ်ပစ္စည်း ၁၆ မျိုး ပါဝင်သည်။

''ကျွန်တော်တို့ အသေးစားနဲ့အလတ်စား စားသောက်ကုန်လုပ်ငန်းတူ မိတ်ဆွေတွေစုပေါင်းပြီးတော့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်က Facility Quarantine Center ကိုလည်း စုစုပေါင်းကျပ်သိန်း ၂ဝဝ ကျော်ဖိုး စားသောက်ကုန်တွေကိုလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ တော့သံဃာတော်တချို့မှာ ပိုးတွေ့မှု ကြောင့် Lockdown ချခံထားရတဲ့သံဃာတော်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထုတ်ကုန်ပစ္စည်းတွေနဲ့စုပေါင်းလှူဒါန်းကြတာဖြစ်ပြီး လုပ်ငန်းတူမိတ်ဆွေရဲ့ အလှူငွေတွေလှမ်းထည့်ကြတာရယ်၊ ဝိုင်းဝန်းလှူဒါန်းပေးမှုကြောင့်သာ အခုလိုမျိုးထုတ်ကုန်အစုံအလင် လှူဒါန်းနိုင်တာပါ။ ကျောင်းတိုက်ကြီးအတွက် ထပ်မံပြီးတော့လည်းလိုအပ်တာတွေ လှူဒါန်းနိုင်အောင်လို့အလှူရှင်တွေနဲ့ ပူးပေါင်းကြိုးစားသွားပါဦးမယ်။ မစိုးရိမ်တိုက်သစ်ကြီးဟာဆိုရင် မြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဓသာသနာတော်ရဲ့ပရိယတ္တိပြန့်ပွားရေးအတွက်အနယ်နယ်အရပ်ရပ်က စာသင်ရဟန်းသံဃာတော်တွေ အဓိကအားထားရတဲ့ ကျောင်းတိုက်ကြီးဖြစ်တာကြောင့် အခုလိုမျိုးလာရောက်လှူဒါန်းခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်''ဟု မန္တလေးမြို့မေမြင့် စားသောက်ကုန်လုပ်ငန်းတည်ထောင်သူ ဦးစိုးရာဇာဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၃ ရက်က မစိုးရိမ်တိုက်သစ်ရှိ ဓမ္မဝေဒဂူကျောင်းတိုက်တွင်သီတင်းသုံးနေသည့်ကိုရင် တစ်ပါးတွင်ကိုဗစ်ပိုးစတင်တွေ့ရှိရာမှ ထိတွေ့ဆက်စပ်နေသည့်သံဃာတော်အပါး ၈ဝအား ပုသိမ်ကြီးမြို့နယ်ရှိ ဗောဓိဉာဏရိပ်သာတွင် Quaratine ထားရှိ၍ဆက်လက်စစ်ဆေးရာ ပိုးတွေ့သံဃာတော်ငါးပါးရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် ကျောင်းတိုက် အသီးသီးကိုအသွားအလာ ကန့်သတ်ထားရှိခြင်းဖြစ်သည်။ လက်ရှိမစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသည့် သံဃာတော်အရေအတွက်မှာ ၉၇၈ ပါးရှိပြီးနေ့စဉ် ကုန်ကျစရိတ်မှာ အာရုဏ်ဆွမ်းအတွက်ကျပ်ငါးသိန်း၊ နေ့ဆွမ်းအတွက် (ဆွမ်းမပါ) ဆွမ်းဟင်းချည်း ကျပ်ဆယ်သိန်းရှိ၍ အသားငါးဆိုလျှင် ပိဿာချိန် ၉ဝ၊ခရမ်းချဉ်သီး၃ပိဿာ၊ ကြက်သွန်နီ ၃၇ ပိဿာ၊ ချဉ်ပေါင်ရွက်အစည်း၅၅ဝ ချက်ပြုတ်ရခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး