အူလန်ဘေတာ နိုဝင်ဘာ ၁၂ - မွန်ဂိုလီးယားနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်တွင် COVID-19 ပထမဆုံး ပြည်တွင်းကူးစက်သူတစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုခဲ့သည်။
အူလန်ဘေတာ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ ကုန်တင်ယာဉ်မောင်းမှတစ်ဆင့် COVID-19 ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မန်ခါဆိုင်ခန်းတော့မိုက ပြောဆိုခဲ့သည်။ အဆိုပါကုန်တင်ယာဉ်မောင်းသည် ရုရှားမှကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးတွင် ပါဝင်နေသူတစ်ဦးဖြစ်ပြီး သီးခြားထားရှိစောင့်ကြည့်ရေးစခန်း၌ ၂၁ ရက်နေထိုင်ခဲ့ပြီးနောက် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းဇနီးမောင်နှံနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၂၁ ဦးကိုလည်း သီးခြားထားရှိစောင့်ကြည့်နေပြီဖြစ်သည်။
မြို့တော် အူလန်ဘေတာ၌ ကူးသန်းသွားလာမှု သုံးရက်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ စာသင်ကျောင်းများကိုလည်း ပိတ်သိမ်းထားလိုက်ပြီဖြစ်သည်။ ယင်းစုံတွဲတက်ရောက်ခဲ့သည့် ဖြေဖျော်ပွဲသို့သွားရောက်ခဲ့သူများ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
မွန်ဂိုလီးယားသည် COVID-19 ကိုထိရောက်စွာ တိုက်ဖျက်နိုင်ခဲ့သည့်အတွက် ချီးကျူးခံထားရသည်။ COVID-19 အကြီးအကျယ်ဖြစ်ပွားပါက ထိန်းချုပ်နိုင်လောက်သည်အထိ အခြေခံအဆောက်အအုံခိုင်မာခြင်းမရှိသောကြောင့် ဇန်နဝါရီအကုန်ပိုင်းတွင် တရုတ်နှင့်ထိစပ်နေသော နယ်စပ်ကို ပိတ်သိမ်းပြီး စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာနေရာများကို ပိတ်သိမ်းထားခဲ့သည်။
မွန်ဂိုလီးယား၌ ပြည်ပ၌ COVID-19 ကူးစက်ခံရပြီးနောက် မွန်ဂိုလီးယားသို့ရောက်ရှိလာသူ ၃၇၆ ဦးရှိနေပြီး သေဆုံးသူမရှိသေးချေ။

















