ဖနောင်ပင် နိုဝင်ဘာ ၁၂ - ကမ္ဘောဒီးယားနိုင်ငံသို့ ဟန်ဂေရီအစိုးရကိုယ်စားလှယ်အဖွဲ့ရောက်ရှိပြီးနောက် ယင်းအဖွဲ့နှင့်ပတ်သက်မှုရှိသည့် ကမ္ဘောဒီးယားနိုင်ငံသားတချို့ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ကူးစက်မှုတားဆီးရေးအတွက် မြို့တော် ဖနောင်ပင်နှင့် ဝန်းကျင်ရှိ ခရိုင်တစ်ခုတို့၌ နိုင်ငံတော်က ကမကထပြုသည့် အခမ်းအနားအားလုံးကို နိုဝင်ဘာ ၁၁ ရက်မှစ၍ ရက်သတ္တပတ်နှစ်ပတ် ပိတ်ပင်လိုက်ပြီဖြစ်သည်။
အစိုးရဆိုင်ရာအခမ်းအနားနှင့် အစည်းအဝေးများ ပိတ်ပင်ချက်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက အကျယ်တဝင့် ထုတ်ပြန်ခြင်းမပြုခဲ့ချေ။ ဖနောင်ပင်နှင့် ဝန်းကျင်ရှိ ကန်ဒယ်ခရိုင်တို့၌ စာသင်ကျောင်းများ၊ နိုက်ကလပ်များ၊ ဘီယာဆိုင်များနှင့် ရုပ်ရှင်ရုံများကို ပိတ်သိမ်းထားပြီးဖြစ်သည်။
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပေတာဇစ်ဂျာတိုသည် နိုဝင်ဘာ ၃ ရက်တွင် ကမ္ဘောဒီးယားသို့လာရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံ၌ စစ်ဆေးမှုအရ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဇစ်ဂျာတိုသည် ထိုင်းနိုင်ငံ၌ပြုလုပ်မည့် အစည်းအဝေးအားလုံးကို ဖျက်သိမ်းပြီး နိုဝင်ဘာ ၄ ရက်တွင် ပြည်တော်ပြန်ခဲ့သည်။ ဇစ်ဂျာတိုနှင့် ထိတွေ့ခဲ့မှုကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဝန်ကြီးအဖွဲ့ဝင်တချို့သည်လည်း နေအိမ်မှာပင် ၁၄ ရက် သီးခြားနေထိုင်နေရသည်။
ဇစ်ဂျာတိုခရီးစဉ်ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီးများသည်လည်း COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဇစ်ဂျာတို၏ခရီးစဉ်နှင့်ပတ်သက်၍ လူ ၁၀၀၀ ကျော်ကို ကမ္ဘောဒီးယားအာဏာပိုင်များက COVID-19 ရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်ကာ ယင်းတို့အနက် လေးဦးသည် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။
ထိုင်းနိုင်ငံရှိ ဟန်ဂေရီသံတမန်တစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် မကြာသေးမီလများအတွင်း ထိုင်း၌ ပထမဆုံး ပြည်တွင်းကူးစက်မှုဖြစ်ခဲ့သည်။ ကမ္ဘောဒီးယား၌ နိုဝင်ဘာ ၁၁ ရက်အထိ COVID-19 ကူးစက်သူ ၃၀၁ ဦးရှိခဲ့ပြီး သေဆုံးသူ လုံးဝမရှိသေးချေ။

















