ဒီမိုကရေစီအရေးလိုလားသည့် အမတ်များ မပါဝင်ဘဲ ဟောင်ကောင်လွှတ်တော်အစည်းအဝေးကျင်းပ

ဒီမိုကရေစီအရေးလိုလားသည့် အမတ်များ မပါဝင်ဘဲ ဟောင်ကောင်လွှတ်တော်အစည်းအဝေးကျင်းပ

ဟောင်ကောင် နိုဝင်ဘာ ၁၂ - ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလိုလားသည့် အမတ်များသည် အစိုးရ၏လုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် အုပ်စုလိုက်နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် ဟောင်ကောင်လွှတ်တော်အစည်းအဝေးကို တရုတ်လိုလားသော အမတ်များဖြင့်သာ ပြုလုပ်ခဲ့ရသည်။

တရုတ်အစိုးရက ဟောင်ကောင်ဆိုင်ရာလုံခြုံရေးဥပဒေကို ယခုနှစ်အစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် ဒီမိုကရေစီလိုလားသော အမတ်များစွာ ထိခိုက်မှုရှိခဲ့ပြီးဖြစ်သည်။

တရုတ်အစိုးရလိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က ဒီမိုကရေစီအရေးလိုလားသည့် အမတ်လေးဦးကို ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခဲ့ပြီးနောက် ယင်းလုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် ဒီမိုကရေစီလိုလားသော အမတ် ၁၅ ဦးသည် နိုဝင်ဘာ ၁၁ ရက်တွင် နုတ်ထွက်ခဲ့သည်။ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်အဖြစ် သတ်မှတ်ခံရသည့် မည်သည့်နိုင်ငံရေးသမားကိုမဆို ရာထူးမှဖယ်ရှားရမည်ဖြစ်ပြီး အမတ်ဖြစ်ရေးတွင် မျိုးချစ်စိတ်ရှိခြင်းသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း သတ်မှတ်သည့် ဥပဒေကြမ်းတစ်ခုကို တရုတ်ဥပဒေပြုရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက် အစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် ယင်းအမတ်လေးဦး ရာထူးမှဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းတွင် တစ်သံတည်းရှိမည့် အချိန်ကာလရှိလာမည်ဖြစ်သောကြောင့် ယင်းအတွက် ဟောင်ကောင်သားများ ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အတိုက်အခံဖြစ်သည်ဆိုပါက ဖိအားများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒီမိုကရေစီအရေးလိုလားသည့်အမတ် လမ်ချွတ်တင်က သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို တရုတ်လိုလားသော ကော်မတီတစ်ရပ်က ရွေးချယ်သော်လည်း အမတ်နေရာ ၇၀ အနက် ထက်ဝက်ကို ဟောင်ကောင်သားများက တိုက်ရိုက်ရွေးချယ်ခွင့်ရှိနေသည်။ ဟောင်ကောင်လွှတ်တော်တွင်း ဒီမိုကရေစီအရေးလိုလားသည့် အမတ်များက ၎င်းတို့ဆန့်ကျင်သည့် ဥပဒေကြမ်းများကို အတည်ပြုခွင့်မရရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမှုကြောင့် ဟောင်ကောင်လွှတ်တော်သည် အသံမျိုးစုံရှိနေတတ်သည့် နေရာဖြစ်ခဲ့သည်။

ဒီမိုကရေစီအရေးလိုလားသည့်အမတ်များ နုတ်ထွက်ကုန်ပြီဖြစ်သောကြောင့် လွှတ်တော်တွင်း တရုတ်လိုလားသော အမတ်များနှင့်ပတ်သက်မှုမရှိသည့် အမတ်နှစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။