စင်ကာပူ၌ မြန်မာနိုင်ငံသား ခုနစ်ဦး လူဝင်မှုကြီးကြပ်ရေးပြစ်မှုများဖြင့် အဖမ်းခံရ

စင်ကာပူ၌ မြန်မာနိုင်ငံသား ခုနစ်ဦး လူဝင်မှုကြီးကြပ်ရေးပြစ်မှုများဖြင့် အဖမ်းခံရ

စင်ကာပူ နိုဝင်ဘာ ၁၂ - စင်ကာပူနိုင်ငံ၌ မြန်မာနိုင်ငံသား ခုနစ်ဦးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ဆက်စပ်သော ပြစ်မှုများဖြင့် အဖမ်းခံထားရကြောင်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့(ICA) က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၃၀ မှ ၄၂ နှစ်ကြားအရွယ်ရှိ အဆိုပါအမျိုးသားများသည် ICA မှ အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ နိုဝင်ဘာ ၉ ရက်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ဆန်ဂေးတန်ဂါလမ်းတစ်လျှောက်၌တည်ရှိသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုသို့ နိုဝင်ဘာ ၉ ရက် နံနက် ၅ နာရီတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသားများ ယာယီစခန်းငယ်များထဲတွင် အိပ်စက်နေသည်ကို တွေ့ရှိခဲ့သည်။

ယင်းအမျိုးသားများသည် စင်ကာပူ၌ တရားဝင်နေထိုင်ခွင့်မရှိဘဲ နေထိုင်နေပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုလည်း ပြသနိုင်ခြင်းမရှိကြောင်း ICA က ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ စင်ကာပူ၌ နေထိုင်ခွင့်ရရှိသည့်ရက်ထက် ကျော်လွန်နေထိုင်မှုများကို ICA က အလေးအနက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူ၌ နေထိုင်ခွင့်ရရှိသည့်ရက်ထက် ကျော်လွန်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ခြောက်လနှင့် ကြိမ်ဒဏ်သုံးချက် ချမှတ်ခံရမည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးပြစ်မှုကျူးလွန်သူကို အလုပ်အကိုင်ခန့်ထားသူ မည်သူမဆို ထောင်ဒဏ်ခြောက်လမှ နှစ်နှစ်အထိ ချမှတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၆၀၀၀ အထိလည်း ချမှတ်ခံရဖွယ်ရှိနေသည်။

နိုင်ငံခြားသားများကို အလုပ်အကိုင်နှင့် အခန်းမငှားမီတွင် စာရွက်စာတမ်းအထောက်အထားများကို ဦးစွာစစ်ဆေးရန် အိမ်ပိုင်ရှင်များနှင့် အလုပ်ရှင်များအား ICA က သတိပေးထားသည်။