မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးသွေးထွက်ဒဏ်ရာမရှိဘဲ သေဆုံးမှုကို စစ်ဆေးရာကရည်းစားဖြစ်သူက စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်မှုပေါ်ပေါက်ခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲ၁နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရွှေအိုက်ရပ်ကွက်၊နန်းကွေ့ချောင်းဘေးတွင်အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်းသတင်းအရစခန်းမှုးရဲအုပ်နိုင်ဝင်းနှင့်တပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ၂၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးနိုင်ရေးမြစ်ကြီးနားနယ်မြေရဲစခန်းတွင်သေမှုသေခင်းအမှတ်စဉ်(၄/၂၀၂၀)အရအမှုရေးဖွင့်စစ်ဆေးခဲ့သည်။
အလောင်းကိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ထင်မြင်ချက်တောင်းခံရာ ဝမ်းဗိုက်အလယ်၌ ချွန်ထက်သောအရာဖြင့်ထိုးသွင်းထားသည့်ဒဏ်ရာ(၂)ချက်တွေ့ရှိရကာပြင်ပသို့သွေးယိုထွက်ခြင်းမရှိပဲအစာအိမ်သွေးကြောမကြီးကိုထိုးသွင်းမိ၍ ဝမ်း ဗိုက်အတွင်း သွေးယိုစီး သေဆုံးခြင်း ဖြစ်ကြောင်းဆေးစာပြန်ကြားခဲ့သည်။
ဆေးစာပြန်ကြားချက်အရ မြစ်ကြီးနားနယ်မြေရဲစခန်းက(ပ)၂၇၂/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်စုံစမ်းခဲ့ရာ သေဆုံးသူအမျိုးသမီးမှာ ယခင်အမှတ်(၂၈)၊ရွှေညောင်ပင်ရပ်ကွက်၊မြစ်ကြီးနားမြို့နေ (၂၆)နှစ် အရွယ်အမျိုးသမီးဖြစ်ကြောင်းသိရသည်။
ထို့နောက်အမှုဖြင့်မသင်္ကာသူမှာသေဆုံးသူ၏ရည်းစားဖြစ်သူအောင်နော်ဆိုသူဖြစ်ပြီး မြစ်ကြီးနားမြို့၊ယုဇနရပ်ကွက်နေထိုင်သူဖြစ်ကြောင်းစုံစမ်းသိရှိရပြီး ၎င်းကို နိုဝင်ဘာ ၁၁ရက်မွန်းလွဲ၃နာရီ၂၀မိနစ် အချိန်ခန့်တွင် နေအိမ်တွင်တွေ့ရှိဖမ်းဆီးခဲ့သည်။
စစ်ဆေးချက်အရ ၎င်းနှင့်သေဆုံးသူအမျိုးသမီးတို့မှာ သမီးရည်းစားဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့လည်၁နာရီခွဲအချိန်ခန့်နန်းကွေ့ချောင်းဘေးအခင်းဖြစ်နေရာတွင်ချိန်းတွေ့စကားပြောရာမှစကားများရန်ဖြစ်ပြီး ပါလာသောဓါးမြှောင်ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန်သူ အောင်နော်ကို မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















