အန်ကာရာ နိုဝင်ဘာ ၁၂ - တူရကီနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် အများပြည်သူဆိုင်ရာနေရာများ၌ ဆေးလိပ်သောက်ခွင့်ပိတ်ပင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တူရကီ၌ နိုဝင်ဘာ ၁၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၆၉၃ ဦးရှိခဲ့သည်။ တူရကီ၌ COVID-19 ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပြသူများကိုသာ စာရင်းတွင်ဖော်ပြနေသဖြင့် တကယ်တမ်းကူးစက်သူဦးရေအမှန်ကို မသိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အများပြည်သူဆိုင်ရာနေရာများ၌ ဆေးလိပ်သောက်ချိန်တွင် နှာခေါင်းစည်းကို မေးစေ့တွင် ချိတ်ထားလေ့ရှိသဖြင့် အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းကို ကျနေသေချာစွာတပ်လာရေးအတွက် ဆေးလိပ်သောက်ခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြည်သူများ လူစုလူဝေးဖြင့် နေထိုင်လေ့ရှိသည့် လမ်းများ၊ ရင်ပြင်များ၊ ကားမှတ်တိုင်များအပါအဝင် အများပြည်သူဆိုင်ရာနေရာများ၌ နိုဝင်ဘာ ၁၂ ရက်မှစ၍ နှာခေါင်းစည်းကို တစ်ချိန်လုံးတပ်ထားရမည်ဖြစ်ပြီး ဆေးလိပ်သောက်ခွင့်လည်းရရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှာခေါင်းစည်းတပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းတို့ကဲ့သို့ လူတိုင်းတတ်နိုင်သည့်အရာကိုသာ လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင် မြို့တော် အန်ကာရာနှင့် အကြီးဆုံးမြို့ အစ္စတန်ဘူတို့အပါအဝင် ခရိုင်များစွာတို့၌ အသက် ၆၅ နှစ်နှင့်အထက် လူကြီးများသည် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အိမ်အပြင်ထွက်ခွင့်မရှိကြောင်း ပိတ်ပင်ချက်ချမှတ်ထားပြီးဖြစ်သည်။
ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ရေကူးကန်များနှင့် ရုပ်ရှင်ရုံများသည် ည ၁၀ နာရီတွင် ပိတ်သိမ်းရမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။
တူရကီ၌ COVID-19 ကူးစက်သူ ၄၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၁၁၄၅ ဦးရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရသည်။

















