အမေရိကန်လက်အောက်ခံမဟုတ်ကြောင်း မက္ကဆီကိုသမ္မတ ပြောဆို

အမေရိကန်လက်အောက်ခံမဟုတ်ကြောင်း မက္ကဆီကိုသမ္မတ ပြောဆို

မက္ကဆီကိုစီးတီး နိုဝင်ဘာ ၁၂ -အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုစကားပြောဆိုရန် အချိန်မတိုင်သေးသလို မက္ကဆီကိုသည် အမေရိကန်လက်အောက်ခံမဟုတ်သောကြောင့် မျက်နှာလိုမျက်နှာရလုပ်ရန်လည်း မလိုအပ်ကြောင်း မက္ကဆီကိုသမ္မတ အန်ဒရေစ်မယ်နူယယ်လိုပက်ဇ် အော်ဘရာဒေါက နိုဝင်ဘာ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

၂၀၀၆ နှင့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက်များ မဲလိမ်လည်ခဲ့ကြောင်း စွပ်စွဲခဲ့သည့် လိုပက်ဇ်အော်ဘရာဒေါက အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဘက်လိုက်စရာမလိုကြောင်း၊ ထရမ့်အစိုးရက ပြုလုပ်နေသည့် တရားရေးအရယှဉ်ပြိုင်မှုများ ရလဒ်ထွက်သည်အထိ စောင့်ဆိုင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရားဝင်ဖွဲ့စည်းခြင်းမရှိသေးသည့် အစိုးရတစ်ရပ်ကို အသိအမှတ်ပြုစရာမလိုသေးကြောင်း လိုပက်ဇ်အော်ဘရာဒေါက ပြောဆိုခဲ့သည်။ လိုပက်ဇ်အော်ဘရာဒေါသည် ဘိုလီဗီးယား၌ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ်ရွေးကောက်ပွဲ၌ အနိုင်ရရှိသူများကို အချိန်မဆိုင်းဘဲ ဂုဏ်ပြုစကားပြောဆိုခဲ့သည်။ ဘိုလီဗီးယားရွေးကောက်ပွဲ၌ မသမာမှုများရှိခဲ့သောကြောင့် နောက်ပိုင်းတွင် ရလဒ်များကို ဖျက်သိမ်းခဲ့သည်။

အတိုက်အခံဘဝတွင်ရှိစဉ်က လိုပက်ဇ်အော်ဘရာဒေါသည် ဒေါ်နယ်ထရမ့်ကို နာဇီအာဏာရှင် အဒေါ့ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ဖူးသည်။ လက်ဝဲဘက်ယိမ်းသည့် လိုပက်ဇ်အော်ဘရာဒေါသည် ဘိုင်ဒင်ကို ဂုဏ်ပြုစကားမပြောသေးသည့် ခေါင်းဆောင်တချို့တွင် ပါဝင်နေသည်။ ဘရာဇီးလက်ယာစွန်းသမ္မတ ဂျိုင်ယာဘိုဆိုနာရို၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည်လည်း ဘိုင်ဒင်ကို ဂုဏ်ပြုစကားမပြောသေးချေ။