အီတလီ၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေ

အီတလီ၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေ

ရောမ နိုဝင်ဘာ ၁၂ - အီတလီနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်အထိ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။

အီတလီ၌ နိုဝင်ဘာ ၁၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၂၉၆၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁ ဒသမ ၀၂၈ သန်းရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ COVID-19 ဒဏ်အခံရဆုံး ၁၀ နိုင်ငံသည် တစ်ကမ္ဘာလုံးရှိ COVID-19 ကူးစက်သူစုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်ရှိနေကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။

ထိပ်တန်း ၁၀ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်နေပြီး ရုရှား၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်နှင့် အီတလီတို့ပါဝင်နေသည်။ အီတလီ၌ COVID-19 ဖြင့် သေဆုံးသူ ၄၂၉၅၃ ဦးရှိနေပြီး ဗြိတိန်ပြီးနောက် ဥရောပ၌ သေဆုံးသူ ဒုတိယအများဆုံးရှိနေသည်။ အီတလီသည် ဥရောပ၌ COVID-19 ကူးစက်သူများအနက် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်နေသည်။ အီတလီရှိ COVID-19 ကူးစက်သူများအနက် သေဆုံးမှုနှုန်းသည် ၄ ဒသမ ၁၈ ရာခိုင်နှုန်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ သေဆုံးမှုနှုန်းသည် ၂ သမ ၂၃ ရာခိုင်နှုန်းဖြစ်သည်။

အီတလီ၌ လွန်ခဲ့သော ခုနစ်ရက်အတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၃၄၀၀၀ ကျော်ရှိခဲ့သည်။ လွန်ခဲ့သော ခုနစ်ရက်အတွင်း တစ်ရက်လျှင် သေဆုံးသူသစ် ၄၅၅ ဦးကျော်ရှိနေကာ တစ်ရက်အတွင်း သေဆုံးသူသစ်ဦးရေမြင့်တက်ပြီး နိုဝင်ဘာ ၁၁ ရက်တွင် COVID-19 ဖြင့် ၆၂၃ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အီတလီ၌ လူ ၁၀၀၀၀ လျှင် ၁၇၀ ခန့်သည် COVID-19 ကူးစက်ခံထားရပြီး ခုနစ်ဦးကျော် သေဆုံးနေသည်။ ဥရောပတစ်ဝန်း COVID-19 ဖြင့်သေဆုံးသူ ၃၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။