အမေရိကန်သမ္မတရွေးကောက်ပွဲ ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲများကို ပြန်လည်ရေတွက်မည်

အမေရိကန်သမ္မတရွေးကောက်ပွဲ ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲများကို ပြန်လည်ရေတွက်မည်

ဝါရှင်တန် နိုဝင်ဘာ ၁၂ - နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲများကို တစ်ပြားချင်း ပြန်လည်ရေတွက်မည်ဖြစ်ကြောင်း ပြည်နယ်ထိပ်တန်းရွေးကောက်ပွဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၂၀ ရက် မတိုင်မီတွင် ရွေးကောက်ပွဲအနိုင်ရရှိသူကို အတည်ပြုရမည်ဖြစ်ရာ ဂျော်ဂျီယာ၌ မဲများပြန်လည်ရေတွက်မှုသည် အင်တိုက်အားတိုက်ဆောင်ရွက်ရမည့် အလုပ်တစ်ခုဖြစ်သည်။ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ်ရွေးကောက်ခံရရန်အတွက် လိုအပ်သည့် သမ္မတရွေးကောက်သူများ၏ ဆန္ဒမဲ ၂၇၀ ကျော်ကို ရရှိခဲ့ပြီးဖြစ်သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံခြင်းမရှိသေးဘဲ ရွေးကောက်ပွဲ၌ မဲလိမ်လည်မှုများရှိခဲ့ကြောင်း အထောက်အထားမရှိ ပြောဆိုခဲ့သည်။

ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲ ငါသန်းအနက် ဘိုင်ဒင်သည် ထရမ့်ထက် ဆန္ဒမဲ ၁၄၁၀၁ မဲ ပိုမိုရရှိထားသည်။ ပြိုင်ဘက်နှစ်ဦးကြား မဲကွာခြားချက်ကြီးမားခြင်းမရှိသောကြောင့် ပြန်လည်ရေတွက်ရန်လိုအပ်ကြောင်း ဂျော်ဂျီယာပြည်နယ်၏ နိုင်ငံခြားရေးဝန်ကြီး ဘရတ်ရက်ဖန်စပါဂျာက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအရာရှိများသည် နှစ်ဦးစီအလိုက် မဲများကို ပြန်လည်ရေတွက်မည်ဖြစ်သည်။ မဲရေတွက်မှုကို ပါတီနှစ်ခုလုံးမှ စောင့်ကြည့်သူများ၏ရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရက်ဖန်စပါဂျာက ပြောဆိုခဲ့သည်။ ကိုယ်တိုင်ထည့်သည့် မဲနှင့် စာတိုက်မှတစ်ဆင့်ပေးသည့် မဲများကို ရေတွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဆန္ဒမဲများကို ၂၄ နာရီပတ်လုံး ရေတွက်မည်ဆိုပါက အရာရှိများသည် နောက်ဆုံးရက်မတိုင်မီ ကိုးရက်အတွင်း တစ်နာရီလျှင် ဆန္ဒမဲ ၂၃၀၀၀ ကျော်ကို ရေတွက်ရမည်ဖြစ်သည်။