တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်

မနီလာ နိုဝင်ဘာ ၁၂ - ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းရှိ ခရိုင်များသို့ နိုဝင်ဘာ ၁၂ ရက်တွင် တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဝင်ရောက်တိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး မြို့တော် မနီလာရှိ လည်ပတ်မှုများ ရပ်ဆိုင်းခဲ့ရသည်။

ဗမ်ကိုသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများအနက် ၂၁ ခုမြောက် ဖြစ်သည်။ ဖိလစ်ပိုင်သို့ မကြာသေးမီရက်များအတွင်း မုန်တိုင်း ဂိုနီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၂၅ ဦးခန့် သေဆုံးပြီး နေအိမ်အလုံးထောင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့သည်။

မုန်တိုင်း ဗမ်ကိုကြောင့် ကမ်းရိုးတန်းခရိုင်တစ်ခု၌ လူသုံးဦးပျောက်ဆုံးနေသည်။ မြို့တော် မနီလာအရှေ့ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်တချို့တွင် ဒေသခံများသည် ရေကြီးရေလျှံမှုကြောင့် နေအိမ်ခေါင်မိုးများပေါ်တက်ကာ နေထိုင်နေရပြီး ရှာဖွေကယ်ဆယ်ရေးသမားများကို စောင့်ဆိုင်းနေရသည်။

မနီလာမြို့ရှိနေရာတချို့တွင် ဒေသခံများသည် ခါးအထိရှိသည့် ရေထဲတွင် သွားလာနေကြရသည်။ ရှာဖွေကယ်ဆယ်ရေးသမားများသည် လှေများဖြင့်သွားလာကာ လိုက်လံကယ်တင်မှုများပြုလုပ်နေရသည်။ ဗမ်ကိုသည် လူဇွန်ကျွန်းသို့ဝင်ရောက်တိုက်ခတ်ချိန်တွင် အားပျော့သွားပြီး လေတိုက်နှုန်း တစ်နာရီ ၁၃၀ ကီလိုမီတာရှိခဲ့ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဗမ်ကိုသည် ဗီယက်နမ်ဘက်သို့ ဦးတည်နေပြီဖြစ်ကြောင်း ခန့်မှန်းထားသည်။

 

ရီလွင် ဘာသာပြန်သည်။