ဟနွိုင်း နိုဝင်ဘာ ၁၂ - အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များသည် နိုဝင်ဘာ ၁၂ ရက်တွင် ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို အွန်လိုင်းမှတစ်ဆင့်စတင်ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်တွင်းရှိ တင်းမာမှုများဖြေရှင်းရေးနှင့် တရုတ်နှင့် အမေရိကန်တို့ကြား တင်းမာမှုများပြင်းထန်နေချိန်တွင် ဒေသတွင်း ကူးစက်ရောဂါလွန် စီးပွားရေးပြန်လည်ဦးမော့ရေး အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
အာဆီယံနိုင်ငံများသည် ယခုအချိန်အထိ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုမုန်တိုင်းတွင်း ကျရောက်ခြင်းမရှိသေးကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရွှန်ဖူက ဟနွိုင်း၌ပြုလုပ်သည့် ထိပ်သီးညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ ရာစုနှစ်တစ်ခု၏ လေးပုံသုံးပုံကို ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် တကယ်တမ်း ခိုင်မာခြင်းမရှိသေးကြောင်း ဖူက ပြောဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံဥက္ကဋ္ဌနေရာကို ဗီယက်နမ်က တာဝန်ယူထားသည်။
ယခုနှစ်တွင် နိုင်ငံများ၏ မခန့်မှန်းနိုင်သော အပြုအမူများ၊ အင်အားကြီးနိုင်ငံများကြား ယှဉ်ပြိုင်မှုနှင့် ထိပ်တိုက်ဆုံမှုများကြောင့် ကမ္ဘာကြီးသည် အန္တရာယ်များနှင့် ပိုမိုကြုံတွေ့လာရကြောင်း ဖူက ပြောဆိုခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။ ယင်းသည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီမှုဖြစ်လာမည်ဖြစ်သည်။
ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှ သင်္ဘောများနှင့် တရုတ်သင်္ဘောများ ထိပ်တိုက်ဆုံမှု မကြာခဏရှိနေသည့် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍လည်း ယခုအစည်းအဝေးတွင် အဓိကထားဆွေးနွေးဖွယ်ရှိနေသည်။

















