ဒါကာ နိုဝင်ဘာ ၁၃ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆောင်းရာသီအတွင်း COVID-19 ဒုတိယလှိုင်းကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာမည်ကို စိုးရိမ်သည့်အတွက် စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာအဆောက်အအုံများအား ပိတ်သိမ်းထားမှုကို ဒီဇင်ဘာ ၁၉ ရက်အထိ သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းသည့် ဘင်္ဂလားဒေ့ရှ်၌ နိုဝင်ဘာ ၁၂ ရက်အထိ COVID-19 ကူးစက်သူ ၄၂၇၁၉၈ ဦးနှင့် သေဆုံးသူ ၆၁၄၀ ခန့်ရှိနေသည်။ အစိုးရသည် စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာအဆောက်အအုံအားလုံးကို မတ် ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်။ ယင်းအချိန်မှစ၍ စာသင်ကျောင်းများ ပိတ်သိမ်းမှုကို အကြိမ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နောက်ဆုံးထုတ်ပြန်ခဲ့သည့် အမိန့်သည် နိုဝင်ဘာ ၁၅ ရက်အထိ သက်ရောက်ရှိခဲ့သည်။
ဒုတိယလှိုင်းအတွင်း ကူးစက်သူများလာနိုင်ပြီး ကလေးများ၏အသက်ဖြင့် အလောင်းအစားမလုပ်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၌ နေ့စဉ်ကူးစက်သူဦးရေ တိုးလာပြီး နိုဝင်ဘာ ၁၂ ရက်တွင် ကူးစက်သူသစ် ၁၈၄၅ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိခဲ့သည်။
အစိုးရသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်ပြီး ဆောင်းရာသီတွင် ကူးစက်ရောဂါအခြေအနေပိုမိုဆိုးရွားလာနိုင်ကြောင်း COVID-19 တိုက်ဖျက်ရေးကော်မတီဝင် ဗိုင်းရပ်စ်ဗေဒပညာရှင် နာဇ်ရူအစ္စလာမ်က ပြောဆိုခဲ့သည်။
လူများသည် ကာကွယ်ဆေးကို လိုချင်နေသော်လည်း နှာခေါင်းစည်းတပ်ခြင်းကဲ့သို့ ကျန်းမာရေးစည်းမျဉ်းများကိုမူ လိုက်နာခြင်းမရှိကြောင်း အစ္စလာမ်က ပြောဆိုခဲ့သည်။ အစိုးရသည် အခြေခံပညာကျောင်းများရှိ ကလေးများအတွက် ရုပ်မြင်သံကြားမှတစ်ဆင့် သင်ခန်းစာများကို ထုတ်လွှင့်ပေးနေပြီး တက္ကသိုလ်များကလည်း အွန်လိုင်းမှတစ်ဆင့် ပို့ချမှုများကို ပြုလုပ်နေသည်။

















