တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၉၁ ဦးဖြင့် စံချိန်တင်

တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၉၁ ဦးဖြင့် စံချိန်တင်

ဆိုးလ် နိုဝင်ဘာ ၁၃ - တောင်ကိုရီးယားနိုင်ငံ၌ နိုဝင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၉၁ ဦးဖြင့် တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၃ ရက်အထိ ခြောက်ရက်ဆက်တိုက် ကူးစက်သူသစ် ၁၀၀ ကျော်ရှိခဲ့သည်။ နိုဝင်ဘာ ၁၃ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်ဦးရေသည် ကူးစက်သူ ၁၉၈ ဦးရှိခဲ့သည့် စက်တင်ဘာ ၄ ရက်မှစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၁၂၀ ကျော်သည် ဆိုးလ်မြို့မှဖြစ်သည်။ တောင်ကိုရီးယား၌ အောက်တိုဘာမှစ၍ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို အနည်းဆုံးအထိ လျှော့ချခဲ့ပြီးနောက် ကူးစက်သူသစ် ပြန်လည်တိုးပွားလာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်ပိမည်ကို စိုးရိမ်မှုများရှိနေသည်။

နိုက်ကလပ်များ၊ ကာရာအိုကေခန်းမများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ယခုကဲ့သို့ ကူးစက်သူသစ်ဦးရေတိုးလာမှုကြောင့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ချွန်ဆဲကျွန်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူအားလုံးကို ပိုးရှိမရှိစစ်ဆေးခြင်း၊ အနီးကပ်ထိတွေ့ခဲ့သူများအား ခြေရာခံခြင်းနှင့် အစောဆုံးကုသမှုပြုလုပ်ခြင်းတို့ကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်စရာမလိုဘဲ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

အများပြည်သူဆိုင်ရာနေရာများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တို့တွင် နှာခေါင်းစည်းမတပ်သူများအား ဒဏ်ငွေအဖြစ် ဝမ် ၁၀၀၀၀၀ (ဒေါ်လာ ၉၀) ကို နိုဝင်ဘာ ၁၃ ရက်မှစ၍ ချမှတ်နေပြီဖြစ်သည်။ ထို့ပြင် စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ၌ စားသောက်နေချိန်မဟုတ်လျှင် နှာခေါင်းစည်းမတပ်နေရတပ်ရမည်ဖြစ်သည်။