မနီလာ နိုဝင်ဘာ ၁၃ - ဖိလစ်ပိုင်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
မကြာသေးမီရက်သတ္တပတ်များအတွင်း ဖိလစ်ပိုင်သို့ တတိယမြောက်ဝင်ရောက်သည့် မုန်တိုင်းဖြစ်သော ဗမ်ကိုကြောင့် မြို့တော်မနီလာနှင့် ဝန်းကျင်ရှိ ခရိုင်များရှိ မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံမှုများရှိခဲ့ပြီး ဒေသခံများသည် အိမ်ခေါင်မိုးများပေါ်တက်ကာ နေခဲ့ရသည်။
မြို့တော်ရှိ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်သည့် မာရီကီနာစီးတီး၌ ရေကျသွားချိန်တွင် လမ်းမများပေါ်၌ အဝတ်လျှော်စက်များ၊ ဆိုဖာများ၊ ထိုင်ခုံများ၊ စက်ဘီးများကို ရွှံ့ညွံများထဲတွင် မြင်တွေ့ရမည်ဖြစ်သည်။ လူဦးရေအထူထပ်ဆုံး လူဇွန်ကျွန်းသို့ နိုဝင်ဘာ ၁၁ ရက်တွင် ဗမ်ကိုဝင်ရောက်တိုက်ခတ်ပြီးနောက် လူထောင်သောင်းပေါင်းများစွာသည် လျှပ်စစ်ဓာတ်အားမရရှိဘဲ နေထိုင်ခဲ့ရသည်။ လူဇွန်ကျွန်း၌ မုန်တိုင်းနောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများရှိခဲ့သည်။
မုန်တိုင်းကြောင့် လူ ၁၄ ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ၁၄ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ၏ အမှုဆောင်ဒါရိုက်တာ ရီကာဒိုဂျာလတ်ကပြောဆိုခဲ့သည်။
သေဆုံးသူ ၃၉ ဦးရှိခဲ့ပြီး ၂၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်သို့ မကြာသေးမီရက်သတ္တပတ်များအတွင်း မုန်တိုင်း မိုလာ့ဗ်နှင့် ဂိုနီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံးပြီး နေအိမ်အလုံးထောင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်သည်။
အစိုးရသည် မုန်တိုင်းအန္တရာယ်တုံ့ပြန်ရေးကို အမြန်ဆုံးဆောင်ရွက်ခဲ့ကြောင်း သမ္မတ၏ပြောခွင့်ရှိသူ ဟာရီရိုက အစိုးရ၏သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဘက်မှ ခုခံပြောဆိုခဲ့သည်။ လူများစွာသည် နေအိမ်များကို စွန့်ခွာပြီး ခိုလှုံရေးစခန်းများတွင် သွားရောက်နေထိုင်ရန် ညွှန်ကြားချက်ကို မလိုက်နာခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။

















