နယူးဒေလီ နိုဝင်ဘာ ၁၃ - အိန္ဒိယအတိုက်အခံ ကွန်ဂရက်စ်ပါတီခေါင်းဆောင်ဟောင်း ရာဟုဂန္ဓီသည် အသုံးမကျသော ကျောင်းသားတစ်ဦးနှင့်ဆင်တူကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက နိုဝင်ဘာ ၁၀ ရက်တွင် ထွက်ရှိသည့် ၎င်း၏စာအုပ်သစ် Promised Land တွင် ဝေဖန်ရေးသားခဲ့သည်။
ရာဟုဂန္ဓီသည် စိတ်လှုပ်ရှားလွယ်ပြီး အတွေးတိမ်သည့်ပုံရှိကာ ၎င်းသည် သင်ခန်းစာကို လေ့ကျင့်မှုပြီးနောက် ဆရာဖြစ်သူ၏အထင်ကြီးမှုကိုခံလိုသော်လည်း တကယ်တမ်းတွင် ဘာသာရပ်ကို ကျွမ်းကျင်ရန် အထုံမပါသည့် ကျောင်းသားနှင့်ဆင်တူကြောင်း အိုဘားမားက ရေးသားထားသည်ဟု နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။
ဂန္ဓီသည် ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် ကွန်ဂရက်စ်ပါတီကို ဦးဆောင်ခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ အမျိုးသားရေးဝါဒီ ဗရာတီယဇာနတပါတီသာ အနိုင်ရရှိခဲ့သည်။
အသက် ၅၀ နှစ်အရွယ် ဂန္ဓီသည် ဝန်ကြီးချုပ်ဖြစ်လာရန် စိတ်မပါသူဖြစ်ကြောင်း ဝေဖန်ခံထားရသူဖြစ်သည်။ ၎င်း၏အဘွားဖြစ်သူ အင်ဒီရာဂန္ဓီနှင့် ဖခင်ဖြစ်သူ ရာဂျစ်ဂန္ဓီတို့သည် ဝန်ကြီးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
ဂန္ဓီက ဝန်ကြီးချုပ်မိုဒီ၏အစိုးရသည် လူမျိုးရေးသွေးကွဲမှုကိုအားပေးနေပြီး စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကိုသာ ဦးစားပေးနေကြောင်း မကြာခဏဝေဖန်ခဲ့သော်လည်း နိုင်ငံရေးလေ့လာသူများကမူ ဂန္ဓီသည် နိုင်ငံရေးတွင် အသားမကျသူသာဖြစ်ကြောင်း သုံးသပ်ထားသည်။
ယမန်နှစ် ရွေးကောက်ပွဲတွင် ကွန်ဂရက်စ်ပါတီရှုံးနိမ့်ခဲ့ပြီးနောက် ဂန္ဓီသည် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၎င်း၏မိခင် ဆိုနီယာဂန္ဓီသည် ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ အိုဘားမားသည် ကွန်ဂရက်စ်ပါတီအခြားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းကိုမူ စာအုပ်သစ်ထဲတွင် ချီးကျူးရေးသားခဲ့သည်။

















