အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရရှိသူ ဂျိုးဘိုင်ဒင်အား ရီပတ်ဘလီကန်အမတ်များ ထောက်ခံ

အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရရှိသူ ဂျိုးဘိုင်ဒင်အား ရီပတ်ဘလီကန်အမတ်များ ထောက်ခံ

ဝါရှင်တန် နိုဝင်ဘာ ၁၃ - ရီပတ်ဘလီကန်အမတ်များစွာသည် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသူ ဂျိုးဘိုင်ဒင်ဘက်မှ ရပ်တည်ပြီး ဂျိုးဘိုင်ဒင်အနေဖြင့် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ တင်ပြချက်များကို လက်ခံရယူခွင့်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုတို့က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်းကို လက်မခံသေးသော်လည်း ဘိုင်ဒင်အား ထောက်ခံသည့် ရီပတ်ဘလီကန်အမတ်များစွာ ရှိလာခဲ့ပြီဖြစ်သည်။ ဘိုင်ဒင်သည်လည်း အာဏာလွှဲပြောင်းရယူရေးအတွက် ဆက်လက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၂ ရက်တွင် ပုပ်ရဟန်းမင်း ဖရန်ဆစ်နှင့် တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့ပြီးဖြစ်သည်။

ဘိုင်ဒင်သည် သမ္မတအဖြစ်ရွေးကောက်ခံရရန် လိုအပ်သည့် သမ္မတရွေးချယ်သူများ၏ မဲ ၂၇၀ ကျော်ကိုလည်းရရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဘိုင်ဒင်သည် ထရမ့်ထက် ဆန္ဒမဲ ၅ ဒသမ ၂ သန်းကျော် ပိုမိုရရှိခဲ့ပြီးဖြစ်သည်။

ဂျွန်ကော်နင်း၊ ရွန်ဂျွန်ဆင်၊ ဂျိမ်းစ်လန့်ဖို့ဒ်၊ ချပ်ဂရက်စ်လေနှင့် လင်းဆေးဂရေဟမ်တို့အပါအဝင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်များစွာတို့က ဘိုင်ဒင်အနေဖြင့် ထောက်လှမ်းရေးဌာနများ၏ နေ့စဉ်အစီရင်ခံမှုများကို လက်ခံခွင့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဘိုင်ဒင်အနေဖြင့် ထောက်လှမ်းရေးသတင်းများကို နေ့စဉ်လက်ခံခွင့်ရရှိရေးသည် အန္တရာယ်များသော ကိစ္စမဟုတ်ဘဲ အသွင်ကူးပြောင်းရေးဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ကော်နင်းက ပြောဆိုခဲ့သည်။ ထရမ့်အစိုးရသည် ဘိုင်ဒင်၏ အသွင်ကူးပြောင်းရေးအဖွဲ့နှင့် လက်တွဲဆောင်ရွက်မှုမရှိခြင်းသည် အရှက်ရစရာကောင်းလှကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီနှင့် အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူးမားတို့က နိုဝင်ဘာ ၁၂ ရက်တွင် ဝေဖန်ပြောဆိုခဲ့သည်။

ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံထားရသူ ကမလာဟဲရစ်တို့အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်တွင် ဂုဏ်ပြုစကားပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။