COVID-19 ကူးစက်မှု အရှိန်မကျသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

COVID-19 ကူးစက်မှု အရှိန်မကျသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ပါရီ နိုဝင်ဘာ ၁၃ - COVID-19 ကပ်ရောဂါကြောင့် လူသားများ ခြေကုန်လက်ပန်းကျနေပြီဖြစ်သော်လည်း ကာကွယ်ဆေးရရှိရန် စောင့်ဆိုင်းနေချိန်အတွင်း သတိမပြတ်ထားရှိသင့်ကာ ကူးစက်မှုအရှိန်မကျသေးသောကြောင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တဲဒရိုစ်အဓာနွမ်ဂျီဘရီယဲဆပ်စ်က နိုဝင်ဘာ ၁၂ ရက်တွင် သတိပေးပြောဆိုခဲ့သည်။ 

ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ၁၁ လကြာ ကာလအတွင်း လူ ၁ ဒသမ ၂ သန်းကျော် သေဆုံးခဲ့ရပြီး စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ရကာ နေ့စဉ်ဘဝများ ကပြောင်းကပြန်ဖြစ်စေခဲ့ပြီးဖြစ်သည်။ သို့သော် အလားအလာကောင်းသော်လည်း အတည်မပြုနိုင်သေးသော ကာကွယ်ဆေးများအပေါ် ယုံကြည်ကိုးစားလွန်းခြင်းသည် အန္တရာယ်ရှိနိုင်သည့် စွန့်စားမှုတစ်ခုဖြစ်ကြောင်း တဲဒရိုစ်က ပြောဆိုခဲ့သည်။

‘‘COVID-19 ကပ်ရောဂါကြီးကြောင့် ကျွန်တော်တို့ ခြေကုန်လက်ပန်း ကျကောင်းကျနေနိုင်ပါပြီ။ ဒါပေမဲ့ ဗိုင်းရပ်စ်ကတော့ မပင်ပန်းသေးဘူးဗျ။ ဥရောပနိုင်ငံတွေဆိုရင် ရုန်းကန်နေကြရပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကတော့ သိသိသာသာ ပြောင်းလဲသွားတာမျိုးမရှိသလို သူ့ကိုရပ်တန့်ဖို့အတွက်လည်း အစီအမံတွေက မစွမ်းဆောင်နိုင်ခဲ့ပါဘူး’’ ဟု တဲဒရိုစ်က ပါရီငြိမ်းချမ်းရေးဖိုရမ်၌ ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်အထိ  ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၅၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။ ပြန်လည်ကျန်းမာလာသူ ၃၇ သန်းကျော် ရှိနေသည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။