အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသရှိ အရပ်သားရာပေါင်းများစွာ သတ်ဖြတ်ခံရ

အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသရှိ အရပ်သားရာပေါင်းများစွာ သတ်ဖြတ်ခံရ

အက်ဒစ်အဘာဘာ နိုဝင်ဘာ ၁၃ - အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသရှိ ဒေသဆိုင်ရာအာဏာရပါတီကိုထောက်ခံသည့် လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားများကို အစုလိုက်ပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။

တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF) နှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် အဘီအာမတ်၏ အစိုးရတို့ကြား ရက်သတ္တပတ် တစ်ပတ်ကြာ ပဋိပက္ခအတွင်း အစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ပြန်ချက်လည်းဖြစ်သည်။

တီဂရေးအနောက်ပိုင်းတွင် အစိုးရတပ်များ အသာစီးရနေပြီဖြစ်ကြောင်း အဘီက ပြောဆိုခဲ့သည်။ အီသီယိုးပီးယားနိုင်ငံသား ထောင်ပေါင်းများစွာသည် အိမ်နီးချင်း ဆူဒန်နိုင်ငံထဲသို့ ဝင်ရောက်ခိုလှုံမှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းရှိလာနိုင်ကြောင်း သတိပေးမှုများလည်းရှိနေပြီဖြစ်သည်။

နိုဝင်ဘာ ၉ ရက် အနှောင်းပိုင်းတွင် တီဂရေးရှိ မိုင်ကာဒရာမြို့၌ အရပ်သားရာပေါင်းများစွာ ဓားဖြင့် ထိုးနှက်သတ်ဖြတ်ခံခဲ့ရကြောင်း အတည်ပြုနိုင်ပါသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အီသီယိုးပီးယားစစ်တပ်နှင့် ထိပ်တိုက်ဆုံပြီးနောက် ပြန်လည်ဆုတ်ခွာလာသည့် တီဂရေးလက်နက်ကိုင်တပ်များသည် အရပ်သားများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

TPLF ကို သစ္စာခံသည့် လက်နက်ကိုင်တပ်သည် ပြည်ထောင်စုစစ်စခန်းများကို တိုက်ခိုက်ခဲ့သောကြောင့် စစ်ဆင်ရေးပြုလုပ်ရန် အဘီက နိုဝင်ဘာ ၄ ရက်တွင် စစ်တပ်အား ညွှန်ကြားခဲ့သည်။ အစိုးရတပ်များသည် တီဂရေးအနောက်ပိုင်းဇုန်ကို လွတ်လပ်ရေးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဘီက နိုဝင်ဘာ ၁၂ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံသား ၁၁၀၀၀ ခန့်သည် အိမ်နီးချင်း ဆူဒန်၌ ခိုလှုံနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။