ရောမရှိ အိမ်ခြေရာမဲ့များအား COVID-19 ရှိမရှိ ဗာတီကန်ကျောင်းတော် အခမဲ့စစ်ဆေးပေး

ရောမရှိ အိမ်ခြေရာမဲ့များအား COVID-19 ရှိမရှိ ဗာတီကန်ကျောင်းတော် အခမဲ့စစ်ဆေးပေး

ဗာတီကန်စီးတီး နိုဝင်ဘာ ၁၃ - ရိုမန်ကက်သလစ်ကျောင်းတော်သည် ကမ္ဘာ့သူဆင်းရဲများနေ့ အထိမ်းအမှတ်အဖြစ် ရောမမြို့ရှိ အခြေခံလူတန်းစားများနှင့် အိမ်ခြေရာမဲ့များအား နိုဝင်ဘာ ၁၂ ရက်မှစ၍ COVID-19 ရှိမရှိ အခမဲ့စစ်ဆေးပေးနေပြီဖြစ်သည်။

စိန့်ပီတာရင်ပြင်အနီးရှိ ဆေးပေးခန်းတွင် စစ်ဆေးမှုများကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် အခြေခံလူတန်းစားများအတွက် ဆေးပေးခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အီတလီ၌ နိုဝင်ဘာ ၁၁ ရက်အထိ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေပြီဖြစ်သည်။ တစ်ရက်လျှင် COVID-19 ရှိမရှိစစ်ဆေးမှု အကြိမ် ၅၀ ပြုလုပ်ပေးမည်ဖြစ်ပြီး ရက်အကန့်အသတ်မရှိ စစ်ဆေးပေးနေမည်ဖြစ်ကြောင်း ဂိုဏ်းအုပ်ဘုန်းကြီး ရီနိုဖီစီချယ်လာက ပြောဆိုခဲ့သည်။

ပိုးမရှိကြောင်း လက်မှတ်ရသူများသည် ခိုလှုံရေးစခန်းသို့သွားရောက်ခွင့်ရမည်ဖြစ်ပြီး ပိုးတွေ့ရှိသူများသည် နောက်ထပ်ကုသမှုများကို ခံယူရမည်ဖြစ်သည်။ အီတလီရှိ အိမ်ခြေရာမဲ့များတွင် နိုင်ငံခြားသားများပါဝင်ပြီး ၎င်းတို့သည် အီတလီကျန်းမာရေးစောင့်ရှောက်မှုစနစ်အရ မိသားစုဆရာဝန်မရှိသူများဖြစ်ကြကာ ကျန်အိမ်ခြေရာမဲ့များသည် စီးပွားရေးအခြေအနေကြောင့် အိမ်ခြေရာမဲ့ဘဝရောက်ခဲ့ပြီးနောက် မိသားစုဆရာဝန်နှင့် သွားရောက်တွေ့ဆုံရန် ရှက်ရွံ့နေသည့် အီတလီနိုင်ငံသားများဖြစ်ကြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ အလွန်အမင်းဆင်းရဲသူများကို သတိထားမိလာစေရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် လွန်ခဲ့သောလေးနှစ်တွင် ကမ္ဘာ့သူဆင်းရဲများနေ့ကို သတ်မှတ်ခဲ့သည်။ ယခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကမ္ဘာ့သူဆင်းရဲများနေ့ကို ကျင်းပခဲ့သည်။

လွန်ခဲ့သောနှစ်များတွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် လူထောင်ပေါင်းများစွာတက်ရောက်သည် မစ္ဆားတရားပွဲကို စိန့်ပီတာဘုရားကျောင်း၌ပြုလုပ်ပြီး အိမ်ခြေရာမဲ့ ၁၅၀၀ ကို နေ့လည်စာကျွေးမွေးခဲ့သည်။ ယခုနှစ်တွင်မူ ဆင်းရဲသားမိသားစုများထံသို့ အစားအစာထုပ် ၅၀၀၀ ပေးဝေမည်ဖြစ်သည်။