မဲလက်မှတ်ပျောက်ဆုံးခြင်း သို့မဟုတ် အစားထိုးခြင်း မရှိခဲ့ကြောင်း အမေရိကန်ရွေးကောက်ပွဲအရာရှိများပြော

မဲလက်မှတ်ပျောက်ဆုံးခြင်း သို့မဟုတ် အစားထိုးခြင်း မရှိခဲ့ကြောင်း အမေရိကန်ရွေးကောက်ပွဲအရာရှိများပြော

ဝါရှင်တန် နိုဝင်ဘာ ၁၃ - အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမှုစနစ်နှင့်ပတ်သက်ပြီး အကျင့်ပျက်ခြစားခြင်း၊ ဆန္ဒမဲလက်မှတ်များ အစားထိုးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း စသည့်ဖြစ်ရပ်များအတွက် ခိုင်လုံသည့် သက်သေအထောက်အထားမျိုး မတွေ့ရှိရကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိများနှင့် ပြည်ထောင်စုရွေးကောက်ပွဲအရာရှိများက နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။ 

လွန်ခဲ့သောသီတင်းပတ်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်အနိုင်ရရှိအောင် အကျင့်ပျက်ခြစားမှုများလုပ်ဆောင်မှုရှိပြီး ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးခဲ့ခြင်းရှိသည်ဆိုသော ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခိုင်အမာပြောဆိုချက်အပေါ် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ တာဝန်ရှိသည့် အရာရှိများက ငြင်းဆန်ခဲ့ကြသည်။

‘‘နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲက အမေရိကန်သမိုင်းမှာ သေချာမှုအရှိဆုံး ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဆန္ဒမဲပေးစနစ်တစ်ခုကို ယိုယွင်းအောင်လုပ်ထားတာမျိုး၊ ဆန္ဒမဲလက်မှတ် ပျောက်ဆုံးတာမျိုး၊ အစား ထိုးတာမျိုး ဒါမှမဟုတ် အပေးအယူသဘောလုပ်ထားတဲ့ နည်းလမ်းမျိုးတွေအတွက် ဘယ်လိုအထောက်အထားမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲအပေါ်မှာ သတင်းအချက်အလက်အမှားတွေ ဖြန့်ချိဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာ သိကြပြီးသားပါ။ ရွေးကောက်ပွဲရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အဆုံးစွန်အထိ ယုံကြည်နိုင်ကြမယ်လို့ သေချာပြောနိုင်ပါတယ်။ ခင်ဗျားတို့လည်း ဒီလိုပဲ မြင်သင့်ပါတယ်’’ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ အဖွဲ့အစည်းများစွာပါဝင်သည့် ရွေးကောက်ပွဲအခြေခံအဆောက်အအုံ အစိုးရပူးပေါင်းဆောင်ရွက်ရေးကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်ကို ပြည်နယ်ရွေးကောက်ပွဲ ညွှန်ကြားရေးမှူးများအသင်း၊ ပြည်နယ်အဆင့်တွင် ရွေးကောက်ပွဲကို စီစဉ်ကြီးကြပ်ရသည့် ပြည်နယ်အဆင့် နိုင်ငံခြားရေးဝန်ကြီးများအသင်း အကြီးအကဲများနှင့် အမေရိကန်ရွေးကောက်ပွဲ အကူအညီပေးရေးကော်မရှင်ဥက္ကဋ္ဌတို့က လက်မှတ်ရေးထိုးထားသည်။