ဂျာမနီ သို့မဟုတ် လေယာဉ်ပေါ်၌ နာဗယ်ညီ လုပ်ကြံခံရခြင်း ဖြစ်နိုင်ကြောင်း ရုရှားပြော

ဂျာမနီ သို့မဟုတ် လေယာဉ်ပေါ်၌ နာဗယ်ညီ လုပ်ကြံခံရခြင်း ဖြစ်နိုင်ကြောင်း ရုရှားပြော

မော်စကို နိုဝင်ဘာ ၁၃ - သြဂုတ်လ ၂၀ ရက်တွင် ဆိုက်ဘေးရီးယားခရီးစဉ်အတွင်း သတိလစ်မေ့မျောသွားပြီနောက် ဂျာမနီသို့ ဆေးကုသမှုခံယူရန်အတွက် ပို့ဆောင်ခြင်းခံခဲ့ရသော ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီသည် ဂျာမနီ၌ သို့မဟုတ် ဂျာမနီသို့အသွား လေယာဉ်ပေါ်တွင် အဆိပ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့ဗ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။

နာဗယ်ညီထံမှ သွေးနမူနာစစ်ချက်အရ ရုရှားလုပ် နိုဗီချော့အာရုံကြောအဆိပ်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ အစည်းက အတည်ပြုထားသည်။ ယင်းကဲ့သို့ အဆိပ်ခတ်လုပ်ကြံမှုကြောင့် ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်လာစေခဲ့ပြီး အနောက်အုပ်စုကလည်း သမ္မတဗလာဒီမာပူတင်၏ အတွင်းလူများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

‘‘စစ်ဘက်သုံး အာရုံကြောအဆိပ်ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာမျိုး ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းတွေအပေါ် လက်ခံလို့ရတဲ့အချက်တွေအားလုံး ကျွန်တော်တို့ တွေ့ရပါတယ်။ နာဗယ်ညီဟာ ဂျာမနီ ဒါမှမဟုတ် သူ့ကိုတင်ဆောင်တဲ့ လေယာဉ်ပေါ်မှာ လုပ်ကြံခံရတာဖြစ်နိုင်ပြီး ချာရိုက်ဆေးရုံကို ပို့လိုက်တာပဲဖြစ်ပါတယ်’’ ဟု လက်ဗ်ရော့ဗ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ပြောဆိုခဲ့သည်။ အထောက်အထားကိုမူ ၎င်းက အထူးတလည်ရှင်းလင်းခြင်းမရှိပေ။

နာဗယ်ညီသည် ဆေးရုံမှမဆင်းရမီအချိန်အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ချာရိုက်ဆေးရုံ၌ ၃၂ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရသည်။ ရုရှားသို့ ပြန်လာမည်ဖြစ်ကြောင်း နာဗယ်ညီက ပြောဆိုခဲ့ပြီးဖြစ်သည်။