ရွေးကောက်ပွဲကာလအပြီး အသားတိုးကြက်စျေးနှုန်းများ ထုတ်လုပ်မှုစရိတ်ထက် ပိုလာ

ရွေးကောက်ပွဲကာလအပြီး အသားတိုးကြက်စျေးနှုန်းများ ထုတ်လုပ်မှုစရိတ်ထက် ပိုလာ

ရွေးကောက်ပွဲမတိုင်ခင်အထိ ဈေးကျနေသော အသားတိုးကြက်ဈေးနှုန်းသည် ရွေးကောက်ပွဲအပြီးကာလတွင်ထုတ်လုပ်မှုစရိတ်ထက် ပိုလာပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းမွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ဒေါက်တာ ကျော်လွင်ဦးထံမှ သိရသည်။

''ရွေးကောက်ပွဲမတိုင်ခင်အထိကြက်ဈေးတွေကျတယ်။ ကြက်ဈေးက ထုတ်လုပ်မှုအောက်ထိလျော့တယ်။ ထုတ်လုပ်မှုစရိတ်က တစ်ပိသာကို ကျပ် ၂,၄ဝဝ ရှိတော့ အဲဒီအောက် ၁,၉ဝဝ လောက်အထိဖြစ်ပြီး ဆုံးရှုံးကုန်ကြတယ်။ မွေးမြူရေးအဖွဲ့ချုပ်က ဘယ်လိုထိန်းမလဲအဖြေရှာကြတယ်။ တအားမြတ်ဖို့ထက် မရှုံးအောင် ဘယ်လိုထိန်းကြမလဲပေါ့။ အမှန်က ကြက်တွေကြီးနေတော့ ဈေးချရင်းချရင်းနဲ့အပြိုင်အဆိုင်ချကြတာပါ။ ဈေးကမထင်လောက်အောင် ပြုတ်ကျပြီး ထိကြတာပေါ့။အခုလောလောဆယ်မှာကြက်ဈေးကထုတ်လုပ်မှုစရိတ်ထက်တော့ ပိုနေပြီ''ဟု ဒေါက်တာကျော်လွင်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အသားတိုးကြက်ဈေးသည် ကြက်သားတစ်ပိသာ၏ ခြံဖမ်းဈေးအနေဖြင့် ကျပ် ၃,ဝဝဝ ခန့်ရှိပြီး စစ်ကိုင်းတိုင်းတွင် အသားတိုးကြက်ကောင်ရေ ၁၂ သိန်းခန့်မွေးထားကြောင်း သိရသည်။

''တစ်ခြံကိုများသောအားဖြင့် အကောင် ၂ဝဝဝ မွေးတာများတယ်။တချို့ ၃ဝဝဝ မွေးတာလည်း ရှိသလို ၅ဝဝ လည်းရှိတာပေါ့။ ခြံတစ်ခြံသတ်မှတ်ထားတာကအကောင် ၂ဝဝဝ ပါ။အခြေအနေပေါ်မူတည် မွေးနေကြတာပါ။ တစ်နှစ်ကို ငါးသုတ်ပဲရတော့ ခြံတစ်ခြံက ၄၅ ရက်မှာ ကြက်တွေကုန်သွားရင် ခြံပြင်တာရယ်၊ ကြက်မှာတာရယ်၊ သန့်ရှင်းရေးလုပ်တာရယ် အနည်းဆုံး ၁၅ ရက်လောက်ကြာတော့ အဲဒီအချိန်မှာတော့လျော့တယ်''ဟု အသားတိုးကြက်မွေးသူတစ်ဦးက ပြောသည်။

အသားတိုးကြက်ပေါက်များကိုပြည်တွင်း၌ အသားတိုးကြက်ပေါက်ဖောက်ရောင်းသည့် ကုမ္ပဏီများရှိသလို ပြည်ပကုမ္မဏီများကလည်း ပုံမှန်ယူခြင်းများလည်းရှိသည်။ ဈေးကွက်လိုအပ်ချက်များပါက ထိုင်းနိုင်ငံမှ ကြက်ပေါက်မှာယူရာ မုံရွာမှမှာလျှင် ထိုင်းနိုင်ငံမှ တစ်ညအိပ်ဖြင့်ကြက်ပေါက်များရောက်ကြောင်း သိရသည်။ အသားတိုးကြက်သားဈေးကွက်သည် စစ်ကိုင်းတိုင်းအတွင်း ခရိုင်အလိုက်တွင်ရှိသည်။

''ကိုဗစ်ဒုတိယလှိုင်းဆိုးတဲ့အချိန်က ကြက်ကရှုံးထားကြတာဆိုတော့ပြန်မထည့်နိုင်ကြတာရောအခြေအနေက ဘယ်လိုမှန်းမသိဘူးဆိုပြီး ဆက်မမွေးကြတော့ အခုလောလောဆယ်မှာ ကြက်ဈေးက ထုတ်လုပ်မှုစရိတ်ထက် ပိုသွားပြီ''ဟု ဒေါက်တာကျော်လွင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး