ဟားခါးမြို့တွင် ချင်းတောင်ယာဆပ်နီကို နည်းစနစ်သစ်ဖြင့် ပထမဆုံး စမ်းသပ်စိုက်ပျိုး

ဟားခါးမြို့တွင် ချင်းတောင်ယာဆပ်နီကို နည်းစနစ်သစ်ဖြင့် ပထမဆုံး စမ်းသပ်စိုက်ပျိုး

ချင်းပြည်နယ်တောင်ပိုင်းတွင်သာ အများဆုံးစိုက်ပျိုးလေ့ရှိသော ချင်းရိုးရာအစားအစာတစ်ခုဖြစ်သည့် ချင်းတောင်ယာစိုက်ပျိုးသီးနှံ ဆပ်နီကိုချင်းပြည်နယ်မြို့တော်ဟားခါးတွင် နည်းစနစ်သစ်ဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း ဟားခါးမြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ယာစိုက်သီးနှံဆပ်နီကို ချင်းပြည်နယ်တွင် ရိုးရာခေါင်ရည်အဖြစ်သာအများဆုံးထုတ်လုပ်ရောင်းချလျက်ရှိသော်လည်း ပြည်သူအများနေ့စဉ်စားသုံးနေသည့်ဆန်စပါးထက် အဟာရပိုမိုမြင့်မားမှုရှိပြီး ဆပ်နီအား အမြဲစားသုံးသူများသည် ကျန်းမာရေးနှင့်သင့်လျော်ကြောင်း ဒေသခံဦးလှန်ကိန်းက ပြောသည်။

''ကျွန်တော်တို့ ချင်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ ဆပ်နီကိုဒေသခံတွေကတော့ ရိုးရာခေါင်ရည်အဖြစ် ထုတ်လုပ်ရောင်းချကြသလို ဝိုင်လည်းထုတ်လုပ်ရောင်းချပါတယ်။ ဆပ်နီကိုပြီးခဲ့တဲ့နှစ်တွေတုန်းက တရုတ်ဝယ်လက်တွေကသိမ်းတယ်။ ဆပ်နီကဗီတာမင်ဓာတ်ပြည့်ဝတဲ့အတွက် တရုတ်က စားဖို့ဝယ်ယူတာဖြစ်တယ်။ တိုးချဲ့စိုက်ပျိုးနိုင်ရင် ဈေးကွက်ရလာမှာ သေချာတယ်။ ရာသီဥတုနဲ့လည်းကိုက်ညီတဲ့အတွက် ချင်းပြည်နယ်တစ်ခုလုံးမှာ စိုက်ပျိုးလို့ ရနိုင်ပါတယ်''ဟု ၎င်းကပြောသည်။

ဟားခါးမြို့တွင် ဆပ်နီစိုက်ပျိုးမှုကို တောင်သူဦးရွန်ကျုံးနုံ၏ လယ်ယာမြေသုံးဧကတွင် ပြီးခဲ့သည့်မေလမှ စတင်စိုက်ပျိုးခြင်းဖြစ်ပြီး ဟားခါးမြို့တွင် ပထမဦးဆုံးစမ်းသပ်စိုက်ပျိုးခြင်းဖြစ်သည်။ ဆပ်နီကိုရှေးအခါကာလမှစတင်၍ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးမှုရှိပြီး ကောက်ရိုးကိုလည်း ရိုးရာဟင်းမယ်အဖြစ် စားသုံးကြသည်။

တောင်ယာဆပ်နီကို နွေအကုန်မိုးဦးကာလဖြစ်သော မေလတွင်အများဆုံးစိုက်ပျိုးလေ့ရှိပြီး စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရိပ်သိမ်းကြောင်း သိရသည်။ သက်ဆိုင်ရာစိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် ဆပ်နီစိုက်ပျိုးမှု တောင်ယာဧက ၅ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး