ဝါရှင်တန် နိုဝင်ဘာ ၁၄ - COVID-19 ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုအား ကူးသန်းသွားလာမှုပိတ်ပင်ချက်ချမှတ်မှုကို ၎င်းအနေဖြင့် မည်သည့်အခါမှ လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် လာမည့်ဇန်နဝါရီလတွင် နောက်ထပ် အစိုးရတစ်ရပ်ပေါ်ပေါက်လာမှသာ ယင်းကဲ့သို့လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီးနောက် ပြည်သူသို့ ပထမဆုံးပြောဆိုသည့် မိန့်ခွန်းတွင် ထရမ့်က အမေရိကန်ပြည်သူများအားလုံးအတွက် ကာကွယ်ဆေးကို ဧပြီလအတွင်း၌ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး ပြောကြားခဲ့သည်။
အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ် မြက်ခင်းပြင်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထရမ့်သည် ဂျိုးဘိုင်ဒင်အစိုးရနှင့်ပတ်သက်ပြီး အလျှော့ပေးလာနေသည့် စကားအရိပ်အယောင်မျိုးကို ပထမဦးဆုံး စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
‘‘ကူးသန်းသွားလာမှုပိတ်ပင်ချက်တွေ မချမှတ်တာကတော့ အကောင်းဆုံးပေါ့။ ကျွန်တော်ကတော့ လုပ်မှာ မဟုတ်ဘူး။ အခုအစိုးရကလည်း လုပ်တော့မှာ မဟုတ်တော့ပါဘူး။ အနာဂတ်မှာလည်း အဲဒီလိုမျိုး မျှော်လင့် လို့တော့ရပါတယ်။ ဘယ်အစိုးရတက်မလဲဆိုတာ ဘယ်သူသိမလဲ။ ကျွန်တော်မြင်တာတော့ အချိန်က စကားပြောလိမ့်မယ်’’ ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့အပြင် Pfizer မှ ထုတ်လုပ်ထားသော ဘေးကင်းလုံခြုံပြီး ထိရောက်မှုရှိသည့် ကာကွယ်ဆေးတစ်မျိုးကို မကြာမီအတောအတွင်း အရေးပေါ်အသုံးပြုခွင့်ရရန်လည်း မျှော်လင့်နေပြီဖြစ်ကြောင်း ထရမ့်က ပြောကြားသွားခဲ့သည်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ကြောင်း သမ္မတထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး တရားဥပဒေကြောင်းအရ ရင်ဆိုင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိများနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိများက အကျင့်ပျက်ခြစားသည့်ဖြစ်ရပ်မျိုး ခိုင်လုံသည့်အထောက်အထား လုံးဝပင်မတွေ့ရှိရကြောင်း ငြင်းဆန်ခဲ့ကြသည်။

















