ရောမ နိုဝင်ဘာ ၁၄ - နိုဝင်ဘာ ၁၃ ရက်၌ အီတလီတွင် တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ၄၀၉၀၂ ဦး စံချိန်တင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပြီး သေဆုံးသူ ၅၅၀ ဦးရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ ရက်၌ တစ်ရက်အတွင်း ကူးစက်သူသစ် ၃၇၉၇၈ ဦးရှိရာမှ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်တွင် ၆၃၆ ဦးမှ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီတလီတွင် COVID-19 ရောဂါကို ဖေဖော်ဝါရီလ၌ စတင်တွေ့ရှိခဲ့ရပြီးနောက် ကူးစက်သူ ၁ ဒသမ ၁ သန်း ကျော်လွန်လာခဲ့ပြီဖြစ်သည်။ စုစုပေါင်းသေဆုံးသူ ၄၄၁၃၉ ဦးရှိကြောင်း ရိုက်တာသတင်းဌာန၏ အချက် အလက်များအရ သိရသည်။
နိုဝင်ဘာ ၁၃ ရက်၌ အီတလီတွင် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးမှုအရေအတွက်မှာလည်း စံချိန်တင်ရှိခဲ့ပြီး ၂၅၄၉၀၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။
စီးပွားရေးမြို့တော် မီလန်သည် ဗိုင်းရပ်စ်ကူးစက်မှု၏ ဗဟိုချက်မဖြစ်နေပြီး နိုဝင်ဘာ ၁၃ ရက်၌ ကူးစက်သူသစ် ၁၀၆၃၄ ဦးရှိကြောင်း သိရသည်။ ရောဂါကူးစက်ပျံ့နှံ့မှု နှေးကွေးသွားစေရန် ရည်ရွယ်လုပ်ဆောင်ချက်များကြောင့် ဒေသပေါင်းစုံ၌ ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကူးသန်းသွားလာမှုပိတ်ပင်ခြင်းနှင့် လူဝင်လူထွက် ပိတ်ထားခြင်းခံရသောဒေသများ၌ နေထိုင်သော ပြည်သူများသည် အလုပ်၊ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွင့်မရှိကြောင်း သိရသည်။
စားသောက်ဆိုင်များ၊ ဘားများ၊ ဈေးဆိုင်ငယ်များအားလုံးမှာ ပိတ်ထားရမည်ဖြစ်သည်။ ကုန်ပစ္စည်းဖွင့်လှစ်ရောင်းချသော ဆိုင်ခန်းများအားလုံးနီးပါးလည်း ပိတ်ထားရမည်ဖြစ်သည်။

















