နယူးဒေလီ နိုဝင်ဘာ ၁၄ - ဟိမဝန္တာအနောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက်တွင် နှစ်ဖက်စစ်တပ်များအကြား ထိလွယ်ရှလွယ်ဖြစ်နေသော မတင်မကျအခြေအနေကို အဆုံးသတ်ရန်အတွက် အိန္ဒိယနှင့် တရုတ်တို့အကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုဖြင့် အဆုံးသတ်ရန်နီးစပ်လာပြီဖြစ်ကြောင်း အိန္ဒိယအရာရှိများက နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်တစ်လျှောက်တွင် စစ်စခန်းကင်းမဲ့ဇုန်များ ဖန်တီးရေး၊ စစ်ဘက်သုံးတိုက်ခိုက်ရေးယာဉ်များ ဆုတ်ခွာရေးနှင့် အမြောက်တပ်များ ပြန်လည်ဆုတ်ခွာရေး၊ တပ်ဆုတ်သွားခြင်းအား အတည်ပြုရန်အတွက် မောင်းသူမဲ့လေယာဉ်အသုံးပြုရေး အချက်များပါဝင်သော စီမံချက်တစ်ခုကို ပူးပေါင်း၍ အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ဇွန်လ၌ နယ်စပ်ရှိ နှစ်ဖက်စစ်တပ်တို့အကြား လက်ရုံးရည်ချင်းယှဉ်ပြိုင်ခဲ့ကြမှုကြောင့် အိန္ဒိယဘက်မှ အရာရှိတစ်ဦးအပါအဝင် စစ်သည် ၂၀ ကျော် သေဆုံးခဲ့ရပြီးနောက် တင်းမာမှုမြင့်တက်ခဲ့ခြင်းဖြစ် သည်။ တရုတ်စစ်တပ်သည် နှစ်နိုင်ငံနယ်စပ်အကြားရှိ အငြင်းပွားဒေသတောင်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယစစ်တပ်ဘက်မှ ပြောကြားခဲ့သည်။
အိန္ဒိယစစ်သားများ၏ ပြုမူဆောင်ရွက်မှုများသည် ရန်ဆွပေးသလို ဖြစ်ခဲ့ရကြောင်း တရုတ်စစ်ဘက်အရာရှိများက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ တင်းမာမှုရှိခဲ့ကြပြီးနောက် နျူကလီးယားလက်နက်ပိုင် ဆိုင်သည့် အာရှအင်အားကြီး အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား နယ်စစ်တစ်လျှောက် စစ်သားအင်အား ထောင်ပေါင်းများစွာ တပ်ဖြန့်ခြင်းများရှိခဲ့သော် လည်း လက်ရှိတွင်မူ တင်းမာမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနေပြီဖြစ်ကြောင်း အိန္ဒိယဘက်မှ ထုတ်ပြန်သွားခဲ့သည်။

















