အက်ဒစ်အဘာဘာ နိုဝင်ဘာ ၁၄ - အီသီယိုးပီးယားအစိုးရတပ်များနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)တို့အကြား တင်းမာမှုများထဲ၌ အရပ်သားများစွာ သတ်ဖြတ်ခံနေရခြင်းသည် စစ်ရာဇဝတ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၁၃ ရက်၌ သတိပေးထုတ်ပြန်ခဲ့သည်။
၁၀ ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ယင်းပဋိပက္ခဖြစ်စဉ်များထဲ၌ အရပ်သား ရာနှင့်ချီ၍သေဆုံးမှုရှိခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း ဆူဒန်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်။
ယခုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုရရှိ ခဲ့သော ဝန်ကြီးချုပ်အဘီအာမက်အတွက် အမည်းစက်တစ်ခု ဖြစ်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိဝန်ကြီးချုပ် အဘီအာမက်သည် အီသီယိုးပီးယားအား စီးပွားရေးအခွင့်အလမ်းများ ဆောင်ကျဉ်းပေးနိုင်မှုနှင့် နိုင်ငံရေးမူဝါဒ ဖြေလျှော့မှုအပိုင်းများ လုပ်ဆောင်နိုင်ခြင်းတို့ ကြောင့် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူဖြစ်သည်။
‘‘စစ်ပွဲအတွင်း ကြီးမာတဲ့လူသေဆုံးမှုဖြစ်စဉ်နဲ့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု အခြေအနေအလုံးစုံကို မထိန်းသိမ်းနိုင်ဘူးဆိုရင် အန္တရာယ်တစ်ခု ဖြစ်လာမှာဖြစ်သလို အီသီယိုးပီယားကိုယ်တိုင်နဲ့ နယ်စပ်တစ်လျှောက် အိမ်ခြေရာမဲ့ဖြစ်မှုလည်း ကြီးမားလာလိမ့်မယ်’’ ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘက်ချယ်လက်က ပြောကြားခဲ့ သည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တင်ပြပေးပို့လာသော အထောက်အထားများ ခိုင်လုံမှုရှိပါက အီသီယိုးပီးယားအနေဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်သည့်သဘောမျိုး ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်ပွဲအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်းအပေါ် အာဖရိကဒေသဆိုင်ရာ အမေရိကန်နိုင်ငံခြားရေဝန်ကြီးဌာန အထူးသံတမန်တစ်ဦးကလည်း ရှုတ်ချထားသည်။
အီသီယိုးပီးယားစစ်တပ်နှင့် ထိပ်တိုက်ထိတွေ့ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာလာသော တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်များက အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

















