အမ်စတာဒမ် နိုဝင်ဘာ ၁၄ - နိုင်ငံတကာဥပဒေအပေါ် ကျူးလွန်ဖောက်ဖျက်မှုရှိသော တူရကီအား လက်နက်ကုန်သွယ်မှုဆိုင်ရာ အရေးယူပိတ်ဆို့မှုပြုလုပ်ရန် ကုလသမဂ္ဂထံ တိုက်တွန်းကြောင်း နယ်သာလန်နိုင်ငံက နိုဝင်ဘာ ၁၃ ရက်၌ တရားဝင် တောင်းဆိုလိုက်သည်။
နာဂေါ်နို-ကရာဘက်ဒေသအရေးတွင် ကြားဝင်စွက်ဖက်မှုရှိခြင်း၊ လစ်ဗျားအရေးနှင့် အရှေ့မြေထဲပင်လယ်ဒေသတွင် ပိုင်နက်ကျူးကျော်ကာ ရေနံတူးခြင်းစသည့် လုပ်ဆောင်ချက်များကြောင့် နေတိုးမဟာမိတ်ဖြစ်သော တူရကီအား လက်နက်ကုန်သွယ်ခွင့် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့ခ်က တောင်းဆိုလိုက်သည်။
၎င်း၏အရေးဆိုချက် အောင်မြင်ပါက ပျော်ရွှင်မိမည်ဖြစ်ကြောင်းနှင့် ဥရောပမိတ်ဖက်နိုင်ငံများ၏ အားပေးထောက်ခံမှုကိုလည်း ရရှိမည်ဟုမျှော်လင့်ကြောင်း ဘလော့ခ်က ပြောကြားခဲ့သည်။
တူရကီသည် သတ်မှတ်ထားသည့်စည်းကမ်းများကို ထပ်ကာထပ်ကာ ချိုးဖောက်နေခြင်းကြောင့် အရေးယူဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် အချိန်ကျပြီဖြစ်ကြောင်း နယ်သာလန် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တူရကီသည် နေတိုးမဟာမိတ်နိုင်ငံဖြစ်သော်လည်း ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို ဝယ်ယူထားသဖြင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှု ခံနေရသည့်နိုင်ငံဖြစ်သည်။

















