ပဲခူးမြို့ရှိ စက်ရုံလေးရုံတွင် နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ လေးဦးကူးစက်ခံရသည်ကိုတွေ့ရှိထားကြောင်း ပဲခူးစက်မှုမြေကော်မတီအဖွဲ့မှ သိရသည်။နိုဝင်ဘာ ၁၃ ရက်တွင် ပဲခူးမြို့ အင်းလေး ရှူးစက်ရုံ၊ WiaWis စက်ဘီးစက်ရုံ၊ Sudey စက်ရုံ သုံးရုံ၌ ကိုဗစ်အတည်ပြုလူနာတစ်ဦးစီတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်တွင်လိမ္မော်ရောင်စက်ရုံမှ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်တိုးခဲ့၍ နှစ်ရက်တွင်း စက်ရုံလေးရုံမှ ကိုဗစ်အတည်ပြုလူနာလေးဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများ၌ ကိုဗစ်အတည်ပြုလူနာတွေ့ရှိပါကကိုဗစ်လူနာနှင့်တွေ့သူများသည် စက်ရုံလုပ်သားများဖြစ်ပါက ကိုဗစ်ဖြစ်ပေါ်သည့်စက်ရုံအလုပ်ရုံအနေဖြင့် ၎င်းတို့၏ အစီအစဉ်ဖြင့် Quarantine စင်တာ ဆောင်ရွက်ပေးရမည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ယခင်ရက်များကလည်း စက်ရုံလေးရုံမှ အလုပ်သမားလေးဦးတွင် COVID-19ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယနေ့အချိန်အထိ စက်ရုံစုစုပေါင်း ရှစ်ရုံမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည့်အပြင် အများစုမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း ပဲခူးစက်မှုမြေဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။
နိုဝင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းအထိ ပဲခူးမြို့တွင် တပ်ကလေးကျေးရွာမှ လိမ္မော်ရောင်စက်ရုံအလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ပိုးတွေ့လူနာခုနစ်ဦးတွေ့ရှိထားခြင်းဖြစ်သည်။ ပဲခူးမြို့နယ်တွင် နိုဝင်ဘာ ၁၄ ရက် မွန်းတည့်ချိန်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၆၆၂ ဦးရှိခဲ့ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
ပဲခူးခရိုင်အတွင်း Facility Quarantine ၂၈ဝ ခု၌ နိုင်ငံသား၂၆၁၉ ဦး၊ သံသယလူနာ၅၂ ဦးနှင့် ရောဂါပိုး တွေ့ရှိသူ ၄၇၄ ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine ၁ဝ၅ ခု၌ နိုင်ငံသား ၅၉၄ ဦးနှင့် ရောဂါ ပိုးတွေ့ရှိသူ ၅၈ ဦးရှိကြောင်း၊ပြည်ခရိုင်အတွင်း Facility Quarantine ၁၄ဝ ခု၌ နိုင်ငံသား ၇၈၆ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၁၁၈ ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine ၂၈၇ ခု၌ နိုင်ငံသား ၁၆၁၈ ဦး၊ သံသယလူနာနှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ၈၅ ဦးရှိကြောင်း၊တိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် Facility Quarantine ၈၁၂ ခု၌ နိုင်ငံသား ၅၆၁၇ဦးရှိပြီး သံသယလူနာ ၅၄ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၇၃၅ ဦးဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

















