မုံရွာမြို့ရှိ ငုံးခြံလုပ်ငန်းလုပ်ကိုင်သူအများစုသည် ကိုဗစ်ကြောင့် အထိနာလျက်ရှိကြောင်း ငုံးမွေးမြူသူများထံမှ သိရသည်။
''တစ်နိုင်ငံလုံးရဲ့ ငုံးဥအဓိကထုတ်လုပ်ရာဖြစ်တဲ့ မုံရွာဒေသငုံးမွေးမြူရေးကတော့ ကိုဗစ်ကာလကြာရှည်လာတာနဲ့အမျှ အထိနာလာတယ်။ ခရီးသွားလုပ်ငန်းနဲ့ စားသောက်ဆိုင်တွေကအဓိကစားသုံးတဲ့ငုံးဥဈေးက အကျမှာပဲကြာရှည်လာခဲ့တာ ကိုဗစ်ကာလအစ ဧပြီလကထဲကပါ။ ဆိုတော့ ခြံသမားရော အစာသမားရော ငုံးဖောက်စက်ပါ အထိနာလာတယ်။ ခြံသမားတွေရဲ့ထမင်းအိုးကို တစ်စိတ်တစ်ပိုင်းဝင်ထိန်းပေးထားတဲ့ ငုံးချေးကလည်း တောင်သူတွေက မိုးခေါင်လို့ ဖရဲသခွားစိုက်ဧကကျလို့ ပုံမှန်မရောင်းရဘူး''ဟုငုံးမွေးမြူရေးလုပ်သူတစ်ဦးကပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မုံရွာမြို့နယ်က ငုံးအများဆုံးမွေးပြီး တစ်ရက်လျှင် မုံရွာမြို့နယ်က ငုံးဥ ၂၅ သိန်းခန့်ထုတ်နိုင်သည်။ တစ်နိုင်ငံလုံးအတွက်မုံရွာမြို့နယ်မှ ငုံးဥရာခိုင်နှုန်း ၆ဝ ခန့်ဖြန့်ပေးလျက်ရှိပြီး ငုံးအကောင်ရေသည် စစ်ကိုင်းတိုင်းတွင် ၂၈ သိန်းကျော်မွေးမြူထားကြောင်း သိရသည်။
''ကိုဗစ်မှာ အထိအနာဆုံးကငုံးဗျ။ဘာလို့လဲဆိုတော့ ခရီးသွားတွေပိတ်လိုက်တော့ လမ်းပေါ်မှာတင် လုပ်ငန်းလုံးဝရပ်သွားတယ်။ ငုံးဥက စားသောက်ဆိုင်တွေ သွားတာဆိုတော့စားသောက်ဆိုင်တွေ အကုန်ပိတ်လိုက်တော့ ဒီလိုအချိန်မှာ အခါတိုင်း ငုံးဥတစ်လုံး ၂ဝ ကျပ်ကျော်ကန အခု ၁၅ကျပ်လောက်နဲ့ဆိုတော့ ငုံးခြံတွေတော်တော်ထိတယ်''ဟု စစ်ကိုင်းတိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ဒေါက်တာကျော်လွင်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ငုံးခြံများ၌အကောင်ရေလျော့သွားရာ ခြံများတွင်ငုံးများပြန်ဖြည့်နေကြောင်း သိရသည်။

















