ပေကျင်း နိုဝင်ဘာ ၁၅ - ဘရာဇီး၊ နယူးဇီလန်နှင့် ဘိုလီဗီးယားတို့မှ တင်ပို့သော အမဲသား၊ အမဲအူကြမ်းတို့နှင့် အေးခဲအစားအစာထုပ်ပိုးပစ္စည်းများတွင် COVID-19 ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်များတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ချိနန်မြို့က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တင်ပို့ကုန်များအဝင်ဆိပ်ကမ်းများမှာ ရှန်ဟိုင်းရှိ ယန်ရှန်းဆိပ်ကမ်းအကောက်ခွန်နှင့် အပြင်ဘက် အကောက်ခွန်ဌာနတို့ဖြစ်ကြောင်း ချိနန် စည်ပင်သာယာကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ အေးခဲအစားအစာများနှင့် ထိတွေ့မိခဲ့သည့် လူ ၇၅၀၀ ကျော်ကို COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆော်ဒီမှတင်ပို့သော ပုဇွန်ထုပ်ပိုးပစ္စည်းများ၊ ဘရာဇီးမှတင်ပို့သော အမဲသားများနှင့် အာဂျင်တီးနားမှတင်ပို့သော အမဲသားများတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း တရုတ်အာဏာပိုင်များက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် အမဲသားအများဆုံးတင်သွင်းနေသည့် နိုင်ငံဖြစ်ပြီး ဘရာဇီးနှင့် အာဂျင်တီးနားတို့သည် တရုတ်သို့ အများဆုံးတင်ပို့နေသည့် နိုင်ငံများဖြစ်ကြသည်။
အာဂျင်တီးနားမှတင်ပို့သော ဝက်သားများကို ထုပ်ပိုးထားသည့် ပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်း နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ချင်တောက်ဆိပ်ကမ်းရှိ အအေးခန်းမှ ကျန်းကျိုးမြို့ရှိ ဈေးတစ်ဈေးသို့တင်ပို့ရန် တာဝန်ရှိသည့် ကုန်လှောင်ရုံသို့ ယင်းဝက်သားများကို ပေးပို့လိုက်ခြင်းဖြစ်ပြီး ကုန်လှောင်ရုံသို့ မသွင်းမီတွင် စစ်ဆေးမှုအရ ဗိုင်းရပ်စ်များတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
အေးခဲအစားအစာများမှတစ်ဆင့် COVID-19 ကူးစက်နိုင်ခြေ လွန်စွာနည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောဆိုထားသော်လည်း တရုတ်ကမူ ပြည်ပမှတင်သွင်းသည့် အစားအစာများတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း စိုးရိမ်တကြီးထုတ်ပြန်ထားသည်။

















