တိုကျို နိုဝင်ဘာ ၁၅ - ဂျပန်နိုင်ငံ၌ နိုဝင်ဘာ ၁၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၇၃၁ ဦးဖြင့် စံချိန်တင်ရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန NHK က ဖော်ပြခဲ့သည်။
ဂျပန်၌ နေ့စဉ် COVID-19 ကူးစက်သူသစ် စံချိန်တင်ရှိနေသည်မှာ သုံးရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်သည်။ မြို့တော် တိုကျို၌ နိုဝင်ဘာ ၁၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၅၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူသစ် ၃၀၀ ကျော်သည်မှာ လေးရက်ဆက်တိုက်ရှိခဲ့ကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် နောက်ထပ်အရေးပေါ်အခြေအနေထုတ်ပြန်ရန် မလိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ဂျပန်၌ နေ့စဉ် COVID-19 ကူးစက်သူသစ်ဦးရေ မြင့်တက်နေပြီး ဆောင်းရာသီသို့ ဝင်ရောက်နေပြီဖြစ်သောကြောင့် ကူးစက်မှုနှုန်း မြင့်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။
ဂျပန်အစိုးရသည် ဧပြီတွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး မေလအကုန်ပိုင်းတွင် ယင်းကို ရုပ်သိမ်းခဲ့သည်။ ဂျပန်အစိုးရသည် ပြည်တွင်း ခရီးသွားမှုမြှင့်တင်ရေးအပါအဝင် စီးပွားရေးပြန်လည်ဦးမော့လာရေးနှင့် လာမည့်နှစ်တွင် ပြုလုပ်မည့် တိုကျိုအိုလံပစ်ပွဲတော်တို့အတွက် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့မှုများပြုလုပ်နေပြီဖြစ်သည်။

















