COVID-19 ဆိုင်ရာစည်းမျဉ်းချိုးဖောက်ခဲ့သည့် ရဲချုပ်ဘက်မှ သမ္မတဒူတာတေး ခုခံပြောဆို

COVID-19 ဆိုင်ရာစည်းမျဉ်းချိုးဖောက်ခဲ့သည့် ရဲချုပ်ဘက်မှ သမ္မတဒူတာတေး ခုခံပြောဆို

မနီလာ နိုဝင်ဘာ ၁၅ - ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များ ချမှတ်ထားသည့် မေလတွင် လူစုလူဝေးဖြင့် မွေးနေ့ပွဲကျင်းပခဲ့သည့် ရဲချုပ်ဘက်မှ သမ္မတရိုဒရီဂိုဒူတာတေးက နိုဝင်ဘာ ၁၄ ရက်တွင် ခုခံပြောဆိုခဲ့သည်။

ဒဲဘိုးဆီနာစ်သည် မနီလာမြို့ ရဲမှူးအဖြစ်မှ နိုဝင်ဘာ ၉ ရက်တွင် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်သည်။ ဆီနာစ်သည် ပေးအပ်သည့် တာဝန်များကို ထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဒူတာတေးက တစ်နိုင်ငံလုံးသို့ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ဆီနာစ်အားဒူတာတေးက အထူးအခွင့်အရေးပေးခဲ့ကြောင်း မီဒီယာများက ဝေဖန်ခဲ့သည်။

ဖိလစ်ပိုင်၌ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မှုကို ဆီနာစ် ဦးဆောင်ခဲ့သည်။ “သူ အပြစ်တစ်ခုခုကျူးလွန်ခဲ့တယ်ဆိုရင် သူ့ကို ပြစ်ဒဏ်ကနေ သက်သာခွင့်ပေးလိုက်ပြီးဖြစ်လို့ မှတ်ပါ၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ပြစ်မှုတစ်စုံတစ်ရာမတွေ့ပါဘူး” ဟု ဒူတာတေးကပြောဆိုခဲ့သည်။ ထို့ပြင် လက်အောက်ငယ်သားများက ဆီနာစ်အတွက် မွေးနေ့ကို ရုတ်တရက်ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ဆီနာစ်၏အပြစ်မဟုတ်ကြောင်း ဒူတာတေးက ဆက်လက်ပြောဆိုခဲ့သည်။

COVID-19 ဆိုင်ရာကန့်သတ်ချက်များအရ လူစုလူဝေးမပြုရန် စည်းမျဉ်းချမှတ်ထားသော်လည်း ဆီနာစ်သည် အခြားရဲမှူးများနှင့်အတူ မွေးနေ့ကျင်းပခဲ့သည့်အတွက် ၎င်းကို တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်။ ဆီနာစ် မွေးနေ့ပွဲကျင်းပသည့်အချိန်တွင် ရဲတပ်ဖွဲ့သည် ကူးသန်းသွားလာမှုကန့်သတ်ချက်ချိုးဖောက်သူ ထောင်ပေါင်းများစွာကို လိုက်လံဖမ်းဆီးနေခဲ့သည်။ အများပြည်သူ စိုးရိမ်ခဲ့ရသည့်အတွက် တောင်းပန်ပါကြောင်း ဆီနာစ် ပြောဆိုခဲ့ပြီးဖြစ်သည်။

တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများကို ရုပ်သိမ်းလိုက်ခြင်းရှိမရှိကိုမူ မသိရသေးချေ။ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ဖုန်းဆက်မေးမြန်းသည့်အခါ တရားရေးဝန်ကြီး မဲနာဒိုဂူဗာရာက သမ္မတပြောဆိုသည့် စကားများကို အတိအကျမသိရသေးကြောင်း၊ ပြောဆိုရသည့် နောက်ခံအကြောင်းအရင်းကိုလည်း သိရန်လိုအပ်ကြောင်း ဖြေဆိုခဲ့သည်။

ဖိလစ်ပိုင်ရှိ တပ်ဖွဲ့ဝင် ၂၀၀၀၀၀ ရှိသော ရဲတပ်ဖွဲ့ကို ဆီနာစ် ဦးဆောင်ရမည်ဖြစ်သောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ်ရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။