ထိုင်းဘုရင်လိုက်ပါလာသော ယာဉ်တန်းကို ဆန္ဒပြသူများ ကျောပေးပြီး လက်သုံးချောင်းထောင်ကာ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ထိုင်းဘုရင်လိုက်ပါလာသော ယာဉ်တန်းကို ဆန္ဒပြသူများ ကျောပေးပြီး လက်သုံးချောင်းထောင်ကာ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ဘန်ကောက် နိုဝင်ဘာ ၁၅ - ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၌ နိုဝင်ဘာ ၁၄ ရက်တွင် ရထားလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ထွက်ခွာလာသည့် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းနှင့် ကြင်ရာတော် သုသီတာတို့ လိုက်ပါလာသော ယာဉ်တန်း ဖြတ်သန်းသွားစဉ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် ဆန္ဒပြသူများသည် ယာဉ်တန်းကို ကျောပေးပြီး လက်ချောင်းသုံးချောင်းထောင်ကာ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ဘန်ကောက်ရှိ ဒီမိုကရေစီအထိမ်းအမှတ်နေရာ၌ ဆန္ဒပြသူ ၂၅၀၀ ခန့် စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများသည် အထိမ်းအမှတ်နေရာအလယ်ရှိ ရုပ်တုကြီးတစ်ခုကို အဝတ်ဖြင့်ဖုံးအုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် အဓွန့်ရှည်အောင် လုပ်ဆောင်ကြ” ဟု အရှည် သုံးမီတာရှိသည့် ရုပ်တုကို အဝတ်ဖြင့် ဖုံးအုပ်ခဲ့သည့် ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

ဘုရင်နှင့် ကြင်ရာတော်တို့ လိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းသွားစဉ်တွင် ဆန္ဒပြသူများသည် ယာဉ်တန်းကိုကျောပေးပြီး Hunger Games ရုပ်ရှင်ပါ အာဏာရှင်စနစ်ဆန့်ကျင်ရေး သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်သော ပုံစံကို ကျင့်သုံးခဲ့ကြသည်။ မြို့တော်အနောက်ပိုင်းရှိ အခမ်းအနားကျင်းပရာနေရာသို့ ဘုရင်ရောက်ရှိလာသည့်အခါတွင် ရှပ်ဝါဝတ် ထောက်ခံသူများက ဆီးကြိုပြီး သက်တော်ရာကျော်ရှည်ပါစေ ဟု ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြမှုများနှင့်ပတ်သက်၍ နန်းတော်က တစ်စုံတရာထုတ်ပြန်ခြင်းမပြုသေးသော်လည်း ဘုရင်ကမူ ဆန္ဒပြသူများအား ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားဆဲဖြစ်ကာ ထိုင်းနိုင်ငံသည် အပေးအယူအလျှော့အတင်းရှိသည့် နိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ကောင်းတာတွေး၊ ကောင်းတာလုပ်၊ မျှော်လင့်ချက်ထား၊ ဇွဲလုံ့လဝီရိယရှိပါစေ” ဟု ဘုရင်က ထောက်ခံသူတစ်ဦးကပေးအပ်လာသည့် ၎င်း၏ဓာတ်ပုံနောက်ကျောတွင် ရေးသားခဲ့သည်။