၂၀၂၁ ခုနှစ်သည် ၂၀၂၀ ပြည့်နှစ်ထက် အခြေအနေပိုမိုဆိုးရွားနိုင်ကြောင်း သတိပေး

၂၀၂၁ ခုနှစ်သည် ၂၀၂၀ ပြည့်နှစ်ထက် အခြေအနေပိုမိုဆိုးရွားနိုင်ကြောင်း သတိပေး

ကုလသမဂ္ဂ နိုဝင်ဘာ ၁၅ - ၂၀၂၁ ခုနှစ်သည် ၂၀၂၀ ပြည့်နှစ်ထက်ပင် အခြေအနေပိုမိုဆိုးရွားနိုင်ကြောင်း မကြာသေးမီတွင် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏အကြီးအကဲ ဒေးဗစ် ဘီစလေက အေပီသတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခြင်း၏ကောင်းကျိုးတစ်ခုမှာ အမေရိကန်ရွေးကောက်ပွဲနှင့် COVID-19 ဖြစ်ပွားမှုကိုသာ အာရုံစိုက်နေသည့် ကမ္ဘာတွင် အငတ်ဘေးကြုံနေရသူများအကြောင်းကို လူများပိုမိုအာရုံစိုက်လာအောင် လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ဘီစလေကပြောဆိုခဲ့သည်။ ကမ္ဘာကြီးသည် ကူးစက်ရောဂါနှင့် နပန်းလုံးနေချိန်တွင် အငတ်ဘေးဆိုသည့် ရောဂါသည်လည်း ဖြစ်ပွားလုနီးပြီဖြစ်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမပြုပါက ဒဏ္ဍာရီလာအငတ်ဘေးကဲ့သို့ ဘေးဆိုးကြီးဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဧပြီတွင် သတိပေးပြောဆိုခဲ့သည်ဟု ဘီစလေကပြောဆိုခဲ့သည်။

COVID-19 ကူးစက်မှုအရှိန်ပိုမြင့်မားလားပြီး ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် စီးပွားရေးကျဆင်းမှု အကြီးအကျယ်ရှိနေကာ ကူးသန်းသွားလာမှုပိတ်ပင်ချက်များ ချမှတ်ထားသောကြောင့် အခြေအနေပိုမိုဆိုးရွားရန်သာရှိနေကြောင်း ဘီစလေက ပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ထည့်ဝင်ခဲ့သည့် အလှူငွေများကို ၂၀၂၁ ခုနှစ်တွင် ရရှိရန် မလွယ်ကူတော့ကြောင်း ဘီစလေက ဆက်လက်ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခြင်းသည် ကောင်းကျိုးသာရှိလာခဲ့ကြောင်း၊ လူတိုင်းသည် နိုဘယ်လ်ဆုရှင်နှင့် တွေ့ဆုံလိုပြီး ယခင်က ၁၅ မိနစ်သာ တွေ့ဆုံချိန်ပေးသည့် နိုင်ငံခေါင်းဆောင်များသည် ၎င်းကို ယခုအချိန်တွင် တွေ့ဆုံချိန် ၄၅ မိနစ်အထိပေးလာပြီး စားနပ်ရိက္ခာအစီအစဉ်၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းပြသည်များကို နားထောင်လာကြောင်း ဘီစလေက ဝမ်းသာအားရပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် WFP သည် ဒေါ်လာ ၁၅ ဘီလီယံ လိုအပ်မည်ဖြစ်ပြီး ယင်းတို့အနက် ငါးဘီလီယံသည် အငတ်ဘေးမဖြစ်အောင် တားဆီးရန်ဖြစ်ကာ ကျန် ၁၀ ဘီလီယံသည် အာဟာရပြတ်လပ်နေသော ကလေးများနှင့် စာသင်ကျောင်းနေ့လည်စာများအပါအဝင် အစီအစဉ်များဆက်လက်လည်ပတ်နိုင်ရေးဖြစ်ကြောင်း ဘီစလေက ပြောဆိုခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ထွက်ခဲ့သည့် ဘီလျံနာများသည်လည်း လူသားချင်းစာနာထောက်ထား၍ အကူအညီများပေးအပ်သင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။