ဘူခါရက် နိုဝင်ဘာ ၁၅ - ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ COVID-19 လူနာများအား ကုသပေးနေသည့် အစိုးရဆေးရုံတစ်ရုံ၌ နိုဝင်ဘာ ၁၄ ရက်တွင် မီးလောင်မှုတစ်ခုကြောင့် လူနာ ၁၀ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
ပီယာထရာနင့်မ်မြို့ရှိ အစိုးရဆေးရုံ၌ COVID-19 လူနာများကို ကုသပေးနေသည့် အထူးကြပ်မတ်ကုသဆောင်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအရေးပေါ်အခြေအနေ စုံစမ်းစစ်ဆေးရေးဌာန၏ပြောခွင့်ရှိသူ အီရီနာပိုပါက ပြောဆိုခဲ့သည်။ သေဆုံးသူအများစုနှင့် ဒဏ်ရာရရှိသူအများစုသည် လူနာများဖြစ်ကြသည်။
ပီယာထရာနင့်မ်ဒေသဆိုင်ရာ အရေးပေါ်ဆေးရုံ၌ လျှပ်စစ်သွယ်တန်းမှုစနစ် မတော်တဆမှုကြောင့် မီးလောင်ခြင်းဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး နဲလူတာတာရူကပြောဆိုခဲ့သည်။ ယခုမီးလောင်မှုကို ရာဇဝတ်မှုမြောက်သော လူသတ်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အမျိုးသားဥပဒေအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြို့တော် ဘူခါရက်ရှိ လူ ၆၄ ဦးသေဆုံးစေခဲ့သည့် နိုက်ကလပ်မီးလောင်မှုကို စုံစမ်းစစ်ဆေးခဲ့သည့် ဥပဒေအရာရှိသည် ယခုအမှုကို ကိုင်တွယ်မည်ဖြစ်သည်။
ပီယာထရာနင့်မ်ဒေသဆိုင်ရာအရေးပေါ်ဆေးရုံကို စနစ်တကျမရှိဘဲ စီမံခန့်ခွဲနေပြီး လူနာများအပေါ် ကောင်းမွန်စွာဆက်ဆံမှုမရှိကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ ယမန်နှစ်အတွင်း ဆေးရုံအုပ်ချုပ်ရေးမှူး ရှစ်ယောက်ပြောင်းခဲ့ပြီးဖြစ်သည်။ လက်ရှိတာဝန်ခံ လူစီးယန်းမီကူကို လွန်ခဲ့သော သုံးပတ်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မီကူရှေ့က တာဝန်ခံသည် လူနာများအပေါ် ဆိုးရွားစွာဆက်ဆံခဲ့မှုအတွက် ရာထူးမှနုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ COVID-19 သံသယရှိ လူနာများသည် ဆရာဝန်နှင့် ပြသခွင့်ရရှိရန် အအေးထဲတွင် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ပီယာထရာနင့်မ်သည် မြို့တော် ဘူခါရက်မြောက်ဘက် ၂၁၉ မိုင်အကွာတွင် တည်ရှိသည်။

















