တီဟီရန် နိုဝင်ဘာ ၁၅ - အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့၏ ဒုတိယခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသည့် အဘူမိုဟာမက် အယ်လ်မာစရီကို အီရန်နိုင်ငံမြို့တော် တီဟီရန်၌ အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်များက သြဂုတ်တွင် လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့များက ပြောဆိုခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးသည် အယ်လ်မာဆရီပုန်းခိုနေသည့် နေရာနှင့်ပတ်သက်၍ အစ္စရေးကို သတင်းပေးခဲ့ခြင်းဖြစ်ပြီး အစ္စရေးထောက်လှမ်းရေးက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားအစိုးရအရာရှိများက ပြောဆိုခဲ့သည်။
တီဟီရန်ရှိ လမ်းကြားတစ်ခုထဲ၌ သြဂုတ် ၇ ရက်တွင် အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်နှစ်ဦးက အယ်လ်-မာဆရီကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၇ ရက်သည် ၁၉၉၈ ခုနှစ်တွင် ကင်ညာနိုင်ငံ နိုင်ရိုဘီနှင့် တန်ဇေးနီးယားနိုင်ငံ ဒါအက်စ်ဆာလမ်တို့ရှိ အမေရိကန်သံရုံးများ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အယ်လ်မာဆရီသည် ယင်းတိုက်ခိုက်မှုများကို နောက်ကွယ်က စီစဉ်ခဲ့သူအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းကိုအကြမ်းဖက်မှုဖြင့် အက်ဖ်ဘီအိုင်က ဖမ်းဆီးရန် အလိုရှိနေသည်။ အယ်လ်မာဆရီ၏အမည်ရင်းမှာ အဗ္ဗဒူလာအာမတ်အဗ္ဗဒူလာ ဖြစ်သည်။
အယ်လ်မာဆရီကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆတ်လက်အောက်ရှိ အဖွဲ့ခွဲ ကီဒွန်က လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ဟီဘရူးဘာသာတွင် ကီဒွန်သည် ဘက်နက် သို့မဟုတ် လှံစွပ်ဟု အဓိပ္ပါယ်ရသည်။ အယ်လ်မာဆရီ၏သမီး မေရီယမ်ကိုလည်း လုပ်ကြံရန်စီစဉ်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးက ပြောဆိုခဲ့သည်။ မေရီယမ်ကို အယ်လ်ခိုင်ဒါခေါင်းဆောင်အဖြစ် လေ့ကျင့်သင်ကြားပေးနေကြောင်း ထောက်လှမ်းရေးများကပြောဆိုခဲ့သည်။ အယ်လ်မာဆရီ၏သမီး မေရီယမ်သည် အယ်လ်ခိုင်ဒါခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်၏ ဇနီးဖြစ်သည်။ ဟမ်ဇာသည် ယမန်နှစ်တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ရှိ အမေရိကန်အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ဆောင်မှုတစ်ခုအတွင်း သတ်ဖြတ်ခံခဲ့ရသည်။

















