အဇာဘိုင်ဂျန်လက်ထဲ လွှဲခံရသည့် ကျေးရွာမှ အာမေးနီးယားတိုင်းရင်းသားများက နေအိမ်များကို မီးရှို့ခဲ့

အဇာဘိုင်ဂျန်လက်ထဲ လွှဲခံရသည့် ကျေးရွာမှ အာမေးနီးယားတိုင်းရင်းသားများက နေအိမ်များကို မီးရှို့ခဲ့

ကာလာဘာဂျာ နိုဝင်ဘာ ၁၅ - လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်၍ ရုရှား၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအရ အဇာဘိုင်ဂျန်ပိုင်နက်တွင်းရှိသော်လည်း အာမေးနီးယားတိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားသည့် နာဂေါ်နို-ကရာဘက်ဒေသရှိ  အဇာဘိုင်ဂျန်လက်သို့ လွှဲပြောင်းခံရသည့် နယ်မြေများအနက် တစ်ခုဖြစ်သည့် ကျေးရွာတစ်ရွာ၌ နေထိုင်သူများက နေရပ်ကိုမစွန့်ခွာမီတွင် ၎င်းတို့ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။

ကျေးရွာနေ အားမေးနီးယားတိုင်းရင်းသား ၆၀၀ သည် ၎င်းတို့ပိုင်ဆိုင်မှုများကို အဇာဘိုင်ဂျန်သားများရရှိသွားမည်ကို စိုးရိမ်သည့်အတွက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ အာမေးနီးယားဘာသာဖြင့် ကာဗာချာဟု အမည်ရသည့် ကျေးရွာသည် တရားဥပဒေများအရ အဇာဘိုင်ဂျန်ပိုင်နက်တွင်းရှိသော်လည်း နာဂေါ်နို-ကရာဘက်ဒေသအရေး စစ်ပွဲတစ်ခုပြီးဆုံးခဲ့သည့် ၁၉၉၄ ခုနှစ်မှစ၍ အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ပွဲကြောင့် နာဂေါ်နို-ကရာဘက်သာမက အနီးဝန်းကျင်ရှိဒေသများပါ အာမေးနီးယားတိုင်းရင်းသားများလက်ထဲသို့ ကျရောက်ခဲ့သည်။

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတိုင်းရင်းသားလက်နက်ကိုင်များသည် ယခုနှစ် စက်တင်ဘာအကုန်ပိုင်းတွင် တိုက်ပွဲပြန်လည်စတင်ခဲ့သည်။ အဇာဘိုင်ဂျန်စစ်တပ်သည် လက်နက်အင်အားသာလွန်စွာဖြင့် ထိုးစစ်ဆင်ခဲ့ပြီး မဟာဗျူဟာကျသည့် ရှူရှာမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ရှူရှာမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် နှစ်ရက်အကြာတွင် ရုရှား၏ကြားဝင်စေ့စပ်မှုနှင့် နှစ်ဖက်ကြားရရှိခဲ့သည့် အပစ်အခတ်ရပ်စဲမှုအရ နာဂေါ်နို-ကရာဘက်အပြင်ဘက်ရှိ နယ်မြေများကို အာဇာဘိုင်ဂျန်လက်ထဲသို့ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ရသည်။ အဇာဘိုင်ဂျန်သား အဇာရီများသည် မွတ်စလင်များဖြစ်ကြပြီး အာမေးနီးယားသားများမှာ ခရစ်ယာန်များဖြစ်ကြသည်။

အာမေးနီးယားနှင့် ရုရှားသည် ရင်းနှီးသောဆက်ဆံရေးရှိပြီး အာမေးနီးယား၌ ရုရှားစစ်စခန်းတစ်ခုရှိနေရာ ရုရှားထံမှ အကူအညီရရှိမည်ဟု အာမေးနီးယားသားများက မျှော်လင့်ခဲ့ကြသည်။ သို့သော် ရုရှားသည် အပစ်အခတ်ရပ်စဲနှင့် နယ်မြေများကို စွန့်လွှတ်ရန် ကြားဝင်စေ့စပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲမှုသက်ရောက်ရေးအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို ဒေသတွင်း စေလွှတ်ခဲ့သည်။