ဟနွိုင်း နိုဝင်ဘာ ၁၅ - အာဆီယံနိုင်ငံခေါင်းဆောင်များ၏နှစ်စဉ်ပြုလုပ်နေကျ အစည်းအဝေးနှင့် ဒေသဆိုင်ရာမဟာမိတ်များပါဝင်သော အစည်းအဝေးများ အပြီးသတ်သည့် နိုဝင်ဘာ ၁၅ ရက်တွင် အာရှ-ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) သည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည်။ စာချုပ်အရ လက်မှတ်ရေးထိုးထားသော နိုင်ငံများရှိ ကဏ္ဍမျိုးစုံတွင် သွင်းကုန်ခွန်လျှော့ချကောက်ခံမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် စတင်အဆိုပြုခဲ့သည့် စာချုပ်ကို အာဆီယံအဖွဲ့ဝင် ၁၅ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် သြစတြေးလျတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ယင်းနိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနှင့် ကမ္ဘာလုံးဆိုင်ရာ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၂၉ ရာခိုင်နှုန်း ရှိနေသည်။
RCEP ကို လက်မှတ်ရေးထိုးနိုင်ခြင်းသည် အဓိကမိုင်တိုင်တစ်ခုဖြစ်ပြီး ပါဝင်ခဲ့သည့် နိုင်ငံ ၁၅ နိုင်ငံကို ဂုဏ်ပြုပါကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆိုခဲ့သည်။ ရှစ်နှစ်အတွင်း စေ့စပ်ဆွေးနွေးမှု ၄၆ ကြိမ်နှင့် ဝန်ကြီးအဆင့်အစည်းအဝေး ၁၉ ကြိမ်ပြုလုပ်ခဲ့ရကြောင်း၊ ဝန်ကြီးများနှင့် စေ့စပ်ဆွေးနွေးသူများ၏ အားထုတ်ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိကြောင်း လီရှန်လွန်းက ပြောဆိုခဲ့သည်။
RECP ၁၅ နိုင်ငံသည် စာချုပ်ပါအချက်များကို ယမန်နှစ်တွင် သဘောတူညီခဲ့ပြီး ယခုနှစ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးရန် သတ်မှတ်ခဲ့သည်။ သွင်းကုန်ခွန်ဖျက်သိမ်းမှုကြောင့် ဒေသဆိုင်ရာထုတ်လုပ်သူများ ထိခိုက်မည်ကို စိုးရိမ်ကြောင်းပြောဆိုကာ အိန္ဒိယသည် ဆွေးနွေးမှုမှ ယမန်နှစ်တွင် နုတ်ထွက်ခဲ့သည်။ စာချုပ်တွင် အိန္ဒိယပါဝင်လာရေးအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း အခြားနိုင်ငံများက ပြောဆိုခဲ့သည်။
လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံအားလုံးသည် RCEP ကို နှစ်နှစ်အတွင်း အတည်ပြုရမည်ဖြစ်သည်။ အာဆီယံ ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၅ ရက်အထိ လေးရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ခေါင်းဆောင်များတက်ရောက်ခဲ့ကာ အာဆီယံနှင့် အခြားသုံးနိုင်ငံအစည်းအဝေး၊ အရှေ့အာရှညီလာခံနှင့် RCEP ညီလာခံများကို ကျင်းပခဲ့သည်။

















