ဝါရှင်တန် နိုဝင်ဘာ ၁၅ - အမေရိကန်ပြည်ထောင်စု ဝါရှင်တန်၌ နိုဝင်ဘာ ၁၄ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံသူ ထောင်ပေါင်းများစွာသည် လမ်းမများပေါ်၌ ချီတက်ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်တွင် မြို့တော်တွင်း ဒေါ်နယ်ထရမ့် လိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းသွားစဉ်တွင် ထောက်ခံသူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ ဆန္ဒပြသူများသည် အိမ်ဖြူတော်အနီးအထိပင် ချီတက်ခဲ့ကြသည်။
ထရမ့်အား ထောက်ခံသူ ထောင်ပေါင်းများစွာသ်ည နောက်ထပ် လေးနှစ်ဟုရေးသားထားသည့် ကတ်ပြားများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။ ဆန္ဒပြသူများတွင် လက်ယာစွန်း ပြည်သူ့စစ်အဖွဲ့ Proud Boys မှ အဖွဲ့ဝင်များစွာကိုလည်း တွေ့ရှိခဲ့ရသည်။ တရားလွှတ်တော်ချုပ်အပြင်ဘက်တွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများလည်းဖြစ်ပွားနေသဖြင့် ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား ထိပ်တိုက်ဆုံမည်ကို စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာကို လုံခြုံရေးချထားခဲ့ရသည်။
ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် သမ္မတရွေးချယ်သူများ၏ ထောက်ခံမဲ ၃၀၆ မဲကိုရရှိခဲ့ပြီး ထရမ့်သည် ထောက်ခံမဲ ၂၃၂ မဲရရှိခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်သည့် မဲရလဒ်များအရ သိရသည်။ သမ္မတအဖြစ် ရွေးကောက်ခံရရန်အတွက် သမ္မတရွေးချယ်သူများ၏ ထောက်ခံမဲ ၂၇၀ ကိုရရှိရန် လိုအပ်သည်။
သမ္မတအဖြစ် ဆက်လက်အုပ်ချုပ်ခွင့်ရမည်မရမည်ကို အချိန်ကစကားပြောလိမ့်မည်ဖြစ်ကြောင်း ထရမ့်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

















