ဒီလို ဆောင်းဦးဝင်စအချိန်မျိုးမှာ တစ်ချိန်က ကြားခဲ့ဖူးတဲ့ တစ္ဆေကြီးတစ်ကောင်အကြောင်းကို ကျွန်တော် ပြန်ပြီးအမှတ်ရနေတတ်ပါသည်။ အထူးသဖြင့် အခုလို ရွေးကောက်ပွဲအပြီး NLD ပါတီ အပြတ်အသတ်အနိုင်ရ သောအခါ ထိုတစ္ဆေကြီးကို ပို၍ပင် သတိရမိသည်။
ထိုတစ္ဆေကြီးအကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဒီလိုနိုဝင်ဘာလထဲမှာ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးလည်း ဖြစ်သူ ကဗျာဆရာငြိမ်းသစ်က မန္တလေးရဲ့ ညတစ်ည၊ စာပေဟောပြောပွဲစင်မြင့်ပေါ် ကနေ ပြောပြခဲ့တာ ဖြစ်သည်။
သိကြတဲ့အတိုင်း NLD ရဲ့ ဒီမိုကရေစီပန်းတိုင်ကို သွားရာခရီးသည် ပန်းခင်းသော လမ်းမဟုတ်ခဲ့ပေ။ ပါတီဝင်များသည် လည်းကောင်း၊ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတက်ကြွခဲ့ကြသူများသည်လည်းကောင်း ခါးသီး ကြမ်းတမ်းသော အတွေ့အကြုံများကို အနည်းနဲ့အများ ကြုံတွေ့ဖြတ်သန်းခဲ့ကြရသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရတဲ့ NLD ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြန်ဝင် ယှဉ်ပြိုင်သည်။ ၂၀၁၅ မှာ တောင်ပြိုကမ်းပြိုနိုင်ကာ အစိုးရဖွဲ့နိုင်သလို ၂၀၂၀ မှာလည်း ပြည်သူရဲ့အားပေး ထောက်ခံမှုကို ပိုလို့ပင်ရကာ အခု အစိုးရထပ်ဖွဲ့နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အတိတ်ကို ပြန်ကြည့်ပါက အခုလို လွှတ်တော်ကိုပင် မမြင်လိုက်ရပဲ ထောင်ထဲမှာ နှစ်ရှည်ဖိနှိပ် ညှင်းဆဲခံခဲ့ရသူများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း လူမသိ သူမသိ အသက်ပေးသွားကြရသူများ၊ ယခုအောင်ပွဲအထိ ပါမလာနိုင်တော့ဘဲ ဒီမိုကရေ စီအရေးအတွက် အသေအကျေတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ပျောက်ကွယ် ကျန်ရစ်ခဲ့ကြသူများ ဒုနဲ့ဒေး ရှိခဲ့သည်။
ယခုတစ္ဆေကြီးမှာလည်း ထိုသို့ မထင်မရှားများထဲမှ တစ်ဦးမျှသာဖြစ်သည်။ သို့သော် သူ့အဖြစ်အပျက်မှာ အရိပ်ဆိုးလွှမ်းနေသည့် အတိတ်ကိုမမေ့ရန်၊ လမ်းစပေါ်လာသည့် ဒီမိုကရေစီရောင်နီကို မပျောက်ကွယ်အောင် အားလုံးဝိုင်းထိန်းရန် သတိပေးသကဲ့သို့ ရှိသည်။ ထိုတစ္ဆေကြီးဖြစ်လာမည့် တပ်မတော်က ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်သူ ကိုဝင်းဗိုလ်နှင့် (ဦး) ငြိမ်းသစ်တို့မှာ ၁၉၉၉ ခုနှစ်၊ အင်းစိန်ထောင်တွင် အကျဉ်းကျစဉ်က စတွေ့ကြသည်။
ကိုဝင်းဗိုလ်က တိုင်းပြည်မှာ ခက်ခဲကျပ်တည်းမှုများပြီး စီးပွားရေးကျပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်ကြောင်း၊ ပြည်သူ လူထု ဆင်းရဲဒုက္ခရောက်ပြီး နိုင်ငံရေးနဲ့ ဖမ်းဆီးအကျဉ်းချ ခံနေရတဲ့ရဟန်းရှင်လူ ပြည်သူတွေ များနေတဲ့အကြောင်း၊ နိုင်ငံအကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းကြောင်းစာကို မဟာဂန္ဓာရုံကျောင်းတိုက်က တိုက်အုပ်ဆရာတော်ကြီးတွေအပါအဝင် သံဃာတော်အပါး ၁,၀၀၀ ကျော်ရဲ့ လက်မှတ်တွေကောက်ပြီး နိုင်ငံအကြီးအကဲတွေဆီပို့သည်။ ဒါကြောင့်ပဲ သူသည် ထောင် ၂၁ နှစ်ကျသည်။
(ဦး) ငြိမ်းသစ်မှာ မော်လမြိုင်ထောင်ကို ထောင်ပြောင်းခံရချိန်တွင် ကိုဝင်းဗိုလ်နှင့် ရေစက်ထပ်ဆုံရပြန်သည်။ ထိုအချိန်က မော်လမြိုင်ထောင်တွင် အသက်မပြည့်သေးသော ကလေးစစ်သားများရှိသည်။ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်မှ စစ်မှုထမ်းခွင့်ပြုခြင်းဖြစ်သော်လည်း တပ်သားစုဆောင်းခံခဲ့ရသော ထိုကလေးများမှာ နာမည်ကြီး တိုက်ပွဲတချို့တွင် ပါဝင်ဖူးထားသလို စစ်ပြေးဖြစ်သောအခါ ထောင်ထဲသို့ ရောက်လာခဲ့ခြင်းဟု (ဦး) ငြိမ်းသစ်က ပြောသည်။
"ထောင်ထဲရောက်လာတဲ့အခါကျတော့လည်း ကလေးဖြူဖြူချောချောလေးတွေဟာ ထောင်ထဲမှာ ရာဇဝတ်သား တွေရဲ့ အဓမ္မလိင် ဆက်ဆံခံရတယ်။ လိင်ရဲ့ကျေးကျွန်တွေ ဖြစ်လာတယ်။ သူတို့ကို စစ်သမီးတွေလို့ ခေါ်တယ်"လို့ (ဦး) ငြိမ်းသစ်က ပြောပြခဲ့သည်။
ဒီအဖြစ်ကို မချွင်းမချန် ပြောခြင်းဖြစ်ကာ၊ ကလေးများမှာ စာသင်ခန်းတွေ၊ ကစားကွင်းတွေထဲမှာ ဖြတ်သန်းနေရမယ့် အရွယ်ဖြစ်ပေမယ့် ထောင်ထဲမှာ လိင်တူဆက်ဆံခံနေရတဲ့ သူတို့ရဲ့အနာဂတ်ကို တွက်ဆ ကြည့်ရန် (ဦး) ငြိမ်းသစ်က မချိတင်ကဲပြောသည်။ ကိုဝင်းဗိုလ်က ထောင်အာဏာပိုင်တွေကို ကလေးတွေ အနိုင်ကျင့်ခံနေရတာ တင်ပြတော့ 'ဒါများကွာ အဆန်းလုပ်လို့' ဟုသာ တုန့်ပြန်ချက်ရသည်။ ထို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က မော်လမြိုင်ထောင်မှာ ကလေးစစ်သား အယောက် ၂၀၀ လောက် လိင်ကျေးကျွန် စစ်သမီးဖြစ်နေကြောင်း (ဦး) ငြိမ်းသစ်က ပြောသည်။ ထောင်ပိုင်တွေကို လိင်ကျေးကျွန်ကိစ္စ အသိပေး ဖို့ကြိုးစားသော ကိုဝင်းဗိုလ်အတွက် အကျိုးဆက်မှာ ကြိုးတိုက်တွင် ဝန်ထမ်း (ထောင်ဝါဒါ) ၂၃ ယောက်က ဝိုင်းရိုက်တာ ကို ခံရပြီး နာရီ ပိုင်းအတွင်း အသက်ထွက်သွားခြင်းပင်။
ကိုဝင်းဗိုလ်ကို ထိုသို့ရိုက်သတ်လိုက်ခြင်းမှာ မင်းမဲ့စရိုက်၊ ဥပဒေမဲ့ ပြုကျင့်မှုပင်။ အမေရိကန်က အီရတ်ကိုသိမ်းစဉ် အဘူဂါရိတ် အကျဉ်းထောင်မှ အကျဉ်းသားများကို မဖွယ်မရာဆက်ဆံမှုဖြင့် အမေရိကန် စစ်သား ၇ ယောက်ကို ရုံးတင်တရားစွဲထောင်ချခဲ့သည်။ ကိုဝင်းဗိုလ်ကို လည်ပင်းနင်းပြီး ရိုက်သတ်ခဲ့သူ ၂၃ ယောက်မှာ အခုထိ တစ်ယောက်မှ ရုံးတင်မခံရ၊ ထောင်မကျခဲ့ပဲ ထိုပြယုဂ်မှာ မြန်မာနိုင်ငံ၏ ရက်စက်ကြမ်း ကြုတ်သော အခြေအနေဖြစ်ခဲ့ကြောင်း (ဦး) ငြိမ်းသစ်က ပြောသည်။
"အိပ်ဆောင်ထဲကနေ လက်ထိတ်နောက်ပြန်ခတ်ခေါ်သွားပြီး 'ရှင်' ထူးခိုင်းတာကို 'ဗျာ' လို့ချည်းထူးနေတဲ့ ကို ဝင်းဗိုလ်ကို နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်နေတာ တဒုတ်ဒုတ်ပဲ"လို့ (ဦး) ငြိမ်းသစ်က ပြန်ပြောင်းပြောသည်။
ကိုဝင်းဗိုလ် သေဆုံးသွားပြီး ဇာတ်လမ်းက ထိုမှာပြီးဆုံးမသွားပေ။ ကိုဝင်းဗိုလ်နဲ့ပတ်သက်တဲ့ တစ္ဆေဇာတ်လမ်း တွေကို (ဦး) ငြိမ်းသစ်တို့ ကြားလာကြရသည်။ အကာလ ည၊ မီးရောင်မှိန်ပျပျမှာ တစ္ဆေခြောက်ပါသည်ဆိုသော ကိုဝင်းဗိုလ်ကြီး ဘယ်အချိန် ဘယ်နေရာကများ ပေါ်လာမလဲအတွေးနဲ့ (ဦး) ငြိမ်းသစ်တို့ ထိုင်စောင့်ကြည့်ဖြစ်တဲ့ ညတွေ ရှိခဲ့သည်။
ကြိုးတိုက်ဖက်က အုတ်တံတိုင်းပေါ်ကနေ လက်တစ်ဖက်တက်လာတာ၊ နောက်လက်တစ်ဖက် ထပ်တက်လာ ချိန်မှာ ခေါင်းမပါလာတာကို ထောင်ဝါဒါတစ်ယောက်က မြင်လိုက်ရသည်။ အမိုးစွန်းမှာ ထောင်ဝတ်စုံနဲ့လူတစ် ယောက် တွဲလွဲခိုနေတာကို မျှော်စင်က မီးရောင်နဲ့ထိုးထားချိန်မှာ မြင်ကြရသည်။ ခရာတွေမှုတ်၊ လူစုပြီးရှာကြည့် တော့ မတွေ့ရ။ ထောင်အိပ်ဆောင်တွေထဲ လူတန်းစီစစ်ရာတွင် ရေတွက်သွားလျှင် လူတစ်ယောက်မှာ အမြဲပို နေတတ်ပြန်သည်။ တစ်ယောက်ချင်း ကျောကုန်းတွေပုတ်ပြီးစစ်တော့မှ ထိုပိုသောသူမှာ ပျောက်သည်။ အိပ် ဆောင်အတွင်း တစ်ယောက်က စူးစူးဝါးဝါးထအော်ပါက ထိုအသံအတိုင်း အိပ်ဆောင်တစ်ဆောင်နှင့်တစ် ဆောင် ဆက်တိုက်ကူးကာ ထောင် 'လန့်' တာတွေဖြစ်သည်။ ကိုဝင်းဗိုလ်ကြီး လက်ဖက်ရည်သောက်ချင်လို့ လိုက်တောင်းတာကို အကျဉ်းသားတစ်ယောက်မက တစ်ပုံစံတည်း အိပ်မက်မက်ကြသည်။
သိပ္ပံနည်းကျ စဉ်းစားပါမူ စဉ်းစားစရာ များစွာရှိနေလေသည်။ အားလုံးမှာ ထောင်တွင်း စိတ်ဒုက္ခခံစားကြရကာ အာဟာရ မပြည့်စုံပေ။ စစ်ကြောရေးကာလ ညှင်းပန်းနှိပ်စက်မှုများ ကြုံရသလို ထောင်ဝင်စာ မလာခြင်း၊ မိသားစု အရေးကြောင့် ပူပန်ရခြင်းမျိုးစုံရှိကာ တစ်ယောက်အသံထွက်ပါက ထိုအသံအတိုင်း လိုက်အော်သလိုဖြစ်ကြ ကြောင်း (ဦး) ငြိမ်းသစ်က ပြောသည်။
ကိုဝင်းဗိုလ်နှင့်ပတ်သက်၍မူ မေးခွန်းထုတ်စရာ များစွာရှိသည်။ အမြဲတရားမှတ်လေ့ရှိသူ ကိုဝင်းဗိုလ်မှာ ဦးဂိုအင်ကာရဲ့ တရားစခန်းတွေလည်း ဝင်ဖူးသူ၊ အမေထဘီကိုပါ လျှော်ပေးသူဖြစ်သည်။ သူ့မှာ ကလေးတွေ ရှိသည်။ စဉ်းစားဖွယ်ဖြစ်နေသည်မှာ အကျဉ်းထောင်တွေမှာ ချထားတဲ့ပြစ်ဒဏ်စေ့အောင်နေရပြီး သေလျှင်ပင် ထောင်က မလွတ်နိုင်ပဲ အမိန့်စာမပြန်မချင်း ထောင်ထဲတွင်သာ အကျဉ်းချခံထားရသည်ဟု သိထားကြခြင်းပင်။
ကိုဝင်းဗိုလ်ကြီး ဘာကြောင့် မထွက်သွားတာလဲ။ မလွတ်မြောက်နိုင်တာလား။ သူသံယောဇဉ်ရှိတဲ့ ရဲဘော်ရဲ ဘက်တွေနဲ့ အတူလာနေတာလား။ (ဦး) ငြိမ်းသစ်တို့ စဉ်းစားကြရသည်။ နောက်ဆုံးမှာ သူတို့လွတ်ခဲ့ရင် ကိုဝင်းဗိုလ်ကို တစ်ပါတည်းခေါ်သွားဖို့ စိတ်ကူးကြရင်း ထောင်ထဲမှာ အကျဉ်းကျနေတဲ့ သံဃာနှစ်ပါးကိုလျှောက်တော့ သဘောတူကြသည်။ ဒီလိုနဲ့ တခြားသူတွေ လွတ်ချိန်မှာ တစ္ဆေကြီးကို ခေါ်ဖို့သတိမရမိကြ။ (ဦး) ငြိမ်းသစ်အ လှည့်မှာ ထောင်ဗူးဝရောက်မှ သတိရလို့ ကျောက်တုံးလေးတစ်တုံးကိုကောက်ပြီး အိတ်ထဲထည့်ကာ 'ကိုဝင်းဗိုလ်ရေ၊ ဒီနေ့ကျွန်တော်လွတ်ပြီ၊ ခင်ဗျားလည်း လွတ်ပြီ၊ ကျွန်တော်နဲ့ လိုက်ခဲ့တော့'လို့ခေါ်ပြီး ရန်ကုန်ကို ပြန်ခဲ့ သည်။
ရန်ကုန်မှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်းက ဆရာမောင်စိမ်းနီဆီ ည ၇ နာရီလောက်ရောက်သွားတော့ မောင်စိမ်းနီ ရဲ့ဇနီးက လူနှစ်ယောက်မြင်လိုက်တာ၊ တစ်ယောက်က ဘယ်ရောက်သွားလဲမေးတာကြုံရသည်။ (ဦး) ငြိမ်းသစ်မှာ ကိုဝင်းဗိုလ်ကို မေ့မေ့ပျောက်ပျောက်နဲ့ ရန်ကုန်မှာ တစ်လလောက် ကျင်လည်ပြီးမှ မန္တလေးက အိမ်ကို ရထားနဲ့ပြန်လာသည်။ ည ၁၁ နာရီလောက် အိမ်ရောက်တော့ တံခါးဖွင့်ပေးတဲ့ အိမ်သားတွေက ဧည့်သည်ခေါ်လိုက်လေလို့ ပြောပြန်သည်။ ဒီတော့မှ (ဦး) ငြိမ်းသစ်မှာ ကိုဝင်းဗိုလ်တစ်ယောက် နေစရာမှရှိပါ့မလား၊ ဒုက္ခပဲဟု သူ့မိတ်ဆွေကြီးအတွက် ခံစားချက်ဖြင့် အတွေးဝင်ရသည်။
(ဦး) ငြိမ်းသစ်၏ တစ္ဆေကြီးမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခရီးတလျောက် ဖြစ်ပျက်ခဲ့သောပုံရိပ်များစွာထဲမှ အစိတ်အပိုင်းလေးတစ်ခုမျှသာပင်။ တကယ်တမ်းတွင် အားလုံးကြားဖူးသည့်အတိုင်း မဝင်းမော်ဦးတို့ကဲ့သို့ ဒီမိုကရေစီမရမချင်း အမျှမဝေဖို့ မှာခဲ့သူများ၊ တိုင်းပြည်အတွက် မထင်မရှားကျဆုံးခဲ့သူများတွင် ထိုသို့သော ဖြတ်သန်းမှုများ ရှိခဲ့ကြသည်ပင်။ သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုခရီးက ရှေ့ဆက်ရဦးမည်ဖြစ်သလို နှစ်ပေါင်းများစွာ အဖက်ဖက်က နောက်ကျနေခဲ့သည့် စိန်ခေါ်မှုများကို ဆက်လက်ကျော်ဖြတ်ကြရပေဦးမည်။
"ပြည်သူတစ်ရပ်လုံးကို မှာကြားချင်တာကတော့ အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့၊ တိုက်ပွဲမှာ ကျဆုံးခဲ့ကြရတဲ့ ပုဂ္ဂိုလ်တွေ အမြောက်အများရှိပါတယ်။ သူတို့တွေရဲ့ တိုင်းပြည်ချစ်စိတ်၊ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ စိတ်တွေကို ကျွန်တော်တို့ တန်ဖိုးထားပြီး ဒီတန်ဖိုးထား ဂုဏ်ယူတဲ့စိတ်တွေနဲ့ပဲ တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုး ထမ်း ရွက်ကြရမှာဖြစ်ပါတယ်"ဟု (ဦး) ငြိမ်းသစ်က ဆိုလေသည်။
















