လက်ရှိ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလ ပထမပတ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁ဒသမ ၄ ဘီလျံကျော် လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ယခု ဘဏ္ဍာနှစ်၊ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံ၏ကုန်သွယ်မှုကို ကြည့်လျှင် စုစုပေါင်း ၂ ဒသမ ၅ ဘီလျံကျော်ကုန်သွယ်မှု ပြုလုပ်ထားနိုင်သည်။ ယခင်နှစ် အလားတူကာလကမှု စုစုပေါင်း ကုန်သွယ်မှု ပမာဏ ၃ ဒသမ ၉ ဘီလီယံကျော်ပြုလုပ်ထားနိုင်ခဲ့သည်။ ထို့အတွက် ယခုနှစ်တွင် ၁ ဒသမ ၄ ဘီလီယံကျော် လျော့ကျနေခြင်းဖြစ်သည်။
ပို့ကုန်ကဏ္ဍတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့်နယ်စပ်လမ်းကြောင်း ကုန်သွယ်မှု နှစ်ခုစလုံး ယခင်နှစ်အလားတူကာလထက် လျော့ကျခဲ့သည်။ ယခင်နှစ် အလားတူ ကာလကယခုအချိန်တွင် ပင်လယ်ရေးကြောင်း ကုန်သွယ်မှုက ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်မှု ဒေါ်လာ သန်း ၆ဝဝ ကျော်သာ တင်ပို့နိုင်ခဲ့သည်။
အလားတူ နယ်စပ်ကုန်သွယ်မှု ပို့ကုန်ကဏ္ဍတွင်လည်းယခင်နှစ်အလားတူကာလက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်မှု ဒေါ်လာသန်း ၃၉ဝကျော်သာ တင်ပို့ နိုင်ခဲ့သည်။ထို့အတွက် နယ်စပ်ပို့ကုန်နှင့် ပင်လယ်ရေကြောင်းပို့ကုန်နှစ်ခုစုစုပေါင်းသည် ယခင်နှစ်ကာလတူထက် ၁ ဘီလျံကျော်လျော့ကျလျက်ရှိသည်။
သွင်းကုန်ကဏ္ဍတွင်လည်း ပင်လယ်ရေးကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုစုစုပေါင်းသည် ယခင်နှစ်ထက်လျော့ကျခဲ့သည်။ ယခင်နှစ်ကာလတူက သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ကျော် သွင်းနိုင်ခဲ့ပြီးယခုနှစ် နိုဝင်ဘာ ပထမပတ်အထိ ၁ ဒသမ ၄ ဘီလီယံကျော်သာတင်သွင်းထားနိုင်သည်ကို တွေ့ရသည်။

















